ခေတ်မီခြင်းရဲ့ အခြားတစ်ဖက်မှာ

ခေတ်ကြီးကတော့ ကိုယ်တွေငယ်ငယ်ကနှင့် မတူဘဲ တစ်ဟုန်ထိုးကို တိုးတက်နေပါတယ်။ ငယ်စဉ်ကာလ လေးတန်းအထိ ရေဒီယိုပဲ နားထောင်ကြရပါတယ်။ မနက်ပိုင်း အစီအစဉ် ၇ နာရီကနေ လွှင့်လိုက်တာ ည ၉ နာရီရောက်တော့ ပိတ်ပြီ။ နောက်တော့ ကက်ဆက်ဆိုတာ ပေါ်လာတော့ ကိုယ်ကြိုက်တဲ့ သီချင်းခွေတွေ အချိန်မရွေး နားထောင်နိုင်ခဲ့ပြီ။ နာမည်ကြီး ၀တ္ထုတွေကို ပြန်ပြီး အသံသွင်းထားတဲ့ ဇာတ်လမ်းတွေကို ကက်ဆက်ခွေအဖြစ် တွေ့ကြရတယ်။ ခွေအငှားဆိုင်တွေလည်း ငှားရတာ လက်မလည်အောင် ပါပဲ။

ကိုယ်တွေ ရှစ်တန်းလောက် ရောက်တော့ အဖြူအမည်း တီဗွီတွေ ပေါ်လာပြီ။ သူ့အချိန်နဲ့သူ ထုတ်လွှင့်နေတဲ့ သီချင်းတွေ ရုပ်ရှင်တွေ ကြည့်ရတာ အားမရလေတော့ အောက်စက်လို့ခေါ်တဲ့ ဗီဒီယိုစက်တွေနဲ့တွဲပြီး ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ကြပြန်ပါတယ်။ တဖြည်းဖြည်းနဲ့ တီဗွီမျက်နှာပြင်တွေ ပိုကျယ်လာတယ်။ အောက်စက်တွေကလည်း ထုထည်နဲ့ ခွေကြီးတွေ ထည့်ကြည့်ရာကနေ ခုဆို ပါးပါးလှပ်လှပ် ဗီစီဒီအချပ်လေးတွေ ထည့်ကြည့်နိုင်ပါပြီ။ ရုပ်ရှင်ရုံကြီးက ဇာတ်ကားတွေကို ရုံအထိ သွားကြည့်စရာ မလိုတော့ဘူး။

ဖုန်းတွေမှာလည်း ကြိုးဖုန်းကနေ ကြိုးမဲ့ဖုန်းအထိ အဆင့်တွေ မြင့်လာကြတယ်။ ကြိုးမဲ့ဖုန်းကနေ မှန်ပြားဖုန်း ဖြစ်လာပါတယ်။ အခု လက်ရှိမှာတော့ လက်ကိုင်ဖုန်း အမျိုးမျိုးထဲမှာ ရုပ်ရှင်ကြည့်မလား၊ သီချင်း နားထောင်မလား၊ စာပို့မလား၊ ငွေလွှဲမလား ဘာပဲဖြစ်ဖြစ် သုံးလို့ရတဲ့ ဖုန်းတွေကို လူငယ်တိုင်းလောက်နီးပါး သုံးနေကြပါပြီ။ ဒီနေရာမှာလည်း ကိုယ့်ဖုန်းရဲ့ အဆင့်မြင့်စနစ်အပေါ်မူတည်ပြီးတော့ လိုအပ်တဲ့ စနစ်တွေ ထည့်သွင်းကြရပါတယ်။

ဖုန်းသုံးပြီဆိုရင် ဖေ့စ်ဘွတ်လို့ခေါ်တဲ့ လူမှုကွန်ရက်ကို လူတိုင်းသုံးကြပါတယ်။ မိတ်ဆွေလည်း ရနိုင်ပြီး ကိုယ့်ရင်ထဲက ခံစားချက်တွေကိုလည်း ဖွင့်ဟနိုင်လို့ သုံးသူလည်း များကြပါတယ်။ သတင်းအချက်အလက်တွေ ချက်ချင်းသိနိုင်သလို ကိုယ့်မိတ်ဆွေတွေဆီ ကိုလည်း ချက်ချင်း ဖြန့်ဝေပေးနိုင်လို့ အကျိုးရှိတဲ့ နည်းပညာတစ်ခုဖြစ်ပေမယ့် လူလိမ်လူညာတွေအတွက်တော့ စားကျက်ရှာတဲ့ ခွင်ကြီးတစ်ခု ဖြစ်နေပြန်ပါတယ်။ လူတစ်ဦးဟာ  ဖေ့စ်ဘွတ်မှာ ရုပ်ရည်ဖြစ်ဖြစ် အလုပ်အကိုင် ဖြစ်ဖြစ် ကိုယ့်ဘာသာ တင်ချင်ရာတင်ထား နိုင်တဲ့အတွက် အယုံလွယ်သူတွေ အလိမ်ခံကြရတာလည်း ကြားရပါတယ်။

မကြာသေးခင်ကပဲ ကမာရွတ်ရပ်ကွက်ထဲက ကိုးတန်းကျောင်းသူလေးတစ်ယောက်ရဲ့ အကြောင်းကိုလည်း ရင်နာစရာ ကြားရပါတယ်။ ဖေ့စ်ဘွတ်မှာ ခင်မင်ရင်းနှီးခဲ့သူ ယောက်ျားလေးတစ်ယောက်နဲ့ တွေ့ဖို့ အိမ်ကနေ ခဏဆိုပြီးသွားလိုက်တာ ပြန်မလာတဲ့ အထိပါပဲ။ မိဘဆွေမျိုးတွေက လူပျောက်တိုင်ပြီး စုံစမ်းတဲ့အခါမှာ ဖေ့စ်ဘွတ်က ရင်းနှီးခဲ့တဲ့ ယောက်ျားလေးက သူမကို ခေါ်သွားခဲ့တာ သိခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ထပ်ပြီး ရှာဖွေတဲ့အခါမှာ သူမကို ဒဂုံမြို့သစ်က တည်းခိုခန်းတစ်ခုမှာ အိပ်ဆေးနဲ့ မူးယစ်ဆေး အရှိန်ကြောင့် သတိလစ်နေတာ တွေ့ရှိခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်က ရင်းနှီးခဲ့သူ ယောက်ျားဟာ အချိုရည်ထဲမှာ အိပ်ဆေးထည့်တိုက်ပြီး ခေါ်ဆောင်ခဲ့ရင်း မုဒိမ်းကျင့်ခဲ့တာ ဖြစ်ပါတယ်။ မိန်းကလေးကို ပြန်ရှာတွေ့ခဲ့ပေမယ့် မူးယစ်ဆေးဒဏ်ကြောင့် မေ့မြောသတိလစ် နေခဲ့လို့ ဆေးရုံတင် ကုသခဲ့ရပါတယ်။

နည်းပညာရပ်တွေ တိုးတက်မြင့်မားလာသလို ဟန်ဆောင်လိမ်ညာမှုတွေ ရက်စက်ယုတ်မာမှုတွေကလည်း တိုးတက်လာပါတယ်။ မြန်မာပြည်မှာတင်မက ကမ္ဘာပေါ်မှာပါ နည်းပညာရပ်နဲ့ပတ်သက်ပြီး အဆင့်မြင့် ပညာတွေ တစ်နေ့ထက်တစ်နေ့ တိုးတက်နေတော့ လူမှုကွန်ရက်မှာလည်း အဆင့်မြင့်မြင့် လိမ်ညာကြလေရဲ့။ သူတစ်ပါးရဲ့ သတင်းအချက်အလက်တွေကိုပါ ဖောက်ထွင်းကူးယူတဲ့ ဟက်ကာဆိုတဲ့ ကွန်ရက်သူခိုးတွေလည်း ပေါ်လာပါတယ်။ ဒီဟက်ကာတွေဟာ ကုမ္ပဏီတွေ၊ ဘဏ်တွေ၊ အလုပ်တွေရဲ့ ကိုယ်ပိုင်ကွန်ရက်အတွင်းထဲကို ဖောက်ဝင်ပြီးတော့ လျှို့ဝှက်ချက်တွေကို ခိုးတတ်ကြပါတယ်။

မနေ့ကကြည့်ရတဲ့ I.T ဆိုတဲ့ ဇာတ်ကားလေးကတော့ အဆင့်မြင့်ကွန်ရက် ဖောက်ထွင်းခံရမှု ဇာတ်လမ်းလေးပါ။ ဂျိမ်းစ်ဘွန်း မင်းသားဟောင်း Pierce Brosnan က ကုမ္ပဏီပိုင်ရှင်အဖြစ် ပါဝင်ထားပါတယ်။ လေကြောင်း ကုမ္ပဏီပိုင်ရှင်ကြီး မိုက်ခ်ဟာ ၁၇ နှစ်အရွယ် သမီးတစ်ဦးရဲ့ ဖခင်လည်းဖြစ်ပါတယ်။ ခန်းနားလှတဲ့ အိမ်ကြီးမှာလည်း လုံခြုံရေးကိရိယာတွေကို ကွန်ရက်နဲ့ ချိတ်ဆက် တပ်ဆင်ထားပါတယ်။ မိခင်နဲ့ဖခင်က အနေရိုးပေမယ့် သမီးဖြစ်သူ ကိတ်လင်းက ခေတ်မီသူဆိုတော့ အင်တာနက် လိုင်းကောင်းကောင်းချိတ် ပေးဖို့၊ ဖုန်း အသစ်ဝယ်ပေးဖို့ အမြဲပူဆာလေ့ ရှိပါတယ်။

မိုက်ခ်ဟာ သူ တီထွင်ရောင်းချမယ့် လေကြောင်းဆိုင်ရာ အပလီကေးရှင်း (Application) တစ်ခုကို ရှယ်ယာရှင်တွေ ခေါ်ယူ ပြသပွဲ လုပ်ပါတယ်။ ကွန်ပျူတာကတစ်ဆင့် ရှင်းလင်းနေတုန်းမှာ ပုံတွေစာတွေ ရုတ်တရက် ပျောက်ကုန်ပါတယ်။ ကျွမ်းကျင်သူကို ခေါ်တဲ့အခါမှာ IT အိုင်တီလူသစ်လေးက ၀င်ရောက်ပြင်ဆင်ပေးလိုက်တော့ ကောင်းသွားလေရဲ့။ မိုက်ခ်ဟာ အိုင်တီလူသစ်လေး အက်ဒ်ကို သူ့အခက်အခဲ ဖြေရှင်းပေးတာ ချီးကျူးရင်း အိမ်က အင်တာနက်လိုင်းလည်း ပြင်ပေးဖို့ တောင်းဆိုပါတယ်။ အက်ဒ်ရောက် လာချိန်မှာ မိုက်ခ်ရဲ့ နောက်ဆုံးပေါ်ကားသစ်ကြီးလည်း ရှိနေတော့ ကားမောင်းစနစ် ကွန်ရက်ကို အဆင့်မြှင့်ပေးလိုက်ပါတယ်။

အိမ်ထဲမှာရှိတဲ့ အင်တာနက်လိုင်းကို ပြင်ဆင်တဲ့အချိန်မှာ အက်ဒ်က ဒီအဆင့်မြင့် ပညာတွေကို တက္ကသိုလ်တက်ရင်း ဆည်းပူးခဲ့ကြောင်း ပြောပါတယ်။ နိုင်ငံတော်လုံခြုံရေး အဆင့်အဖွဲ့ (NSA) မှာလည်း လုပ်ခဲ့ကြောင်း ပြောဆိုရင်း NSA မှာ အုပ်စုလိုက် ရိုက်ကူး ထားတဲ့ ဓာတ်ပုံကိုပါ ထုတ်ပြပါတယ်။ အက်ဒ်ကို အထင်ကြီးနေတဲ့ မိုက်ခ်ဟာ အိမ်ရဲ့ လုံခြုံရေး စနစ်တွေကိုလည်း အဆင့်မြှင့်ပေးခိုင်းခဲ့ပါတယ်။ မိုက်ခ်ရဲ့အိမ်မှာ အလုပ်လုပ်ရင်း ကိတ်လင်းကို တွေ့ခဲ့တဲ့ အက်ဒ်ဟာ စွဲလန်းသွားခဲ့ပါတယ်။ ဖေ့စ်ဘွတ်ကနေ သူငယ်ချင်း အဖြစ် လက်ခံပေးဖို့ စာပို့ခဲ့ပါတယ်။ မိုက်ခ်ရဲ့အိမ်က လုံခြုံရေးကွန်ရက်တွေကိုလည်း သူ့အိမ်မှာရှိတဲ့ ကွန်ရက်ထဲကို ပေါင်းချိတ်ခဲ့ပါတယ်။

ကိတ်လင်းက ဖေ့စ်ဘွတ်ခ်သူငယ်ချင်းအဖြစ် လက်ခံလိုက်တော့ အက်ဒ်နဲ့ အွန်လိုင်းမှာ စကားပြောလို့ ရသွားပါတယ်။ မိသားစု ညစာစားပွဲရှိတယ်လို့ ပြောသံကြားလို့ သွားခဲ့သူ အက်ဒ်ကို သူဌေးကြီးမိုက်ခ်က လက်မခံခဲ့ပါဘူး။ ကိတ်လင်းရဲ့ ကျောင်းက အား ကစားပွဲကို အွန်လိုင်းကနေသိရတော့ လာကြည့်ပြန်ပါတယ်။ ပွဲအပြီးအထိ အနားမှာ ကပ်နေတဲ့ အက်ဒ်ကို မိုက်ခ်က ကြည့်မရတော့ ထားခဲ့ပြန်ပါတယ်။ အက်ဒ်ဟာ စိတ်ဆိုးပြီး အိမ်မှာချိတ်ထားတဲ့ လိုင်းကတစ်ဆင့် ကိတ်လင်းရဲ့ လှုပ်ရှားမှုတွေကို ရေချိုးတာပါမကျန် ကူးယူပါတယ်။

နောက်ဆုံးတော့ ကိတ်လင်းရဲ့ ကျောင်းအပြန်ကို လာစောင့်ပြီး ကားနဲ့ အိမ်အထိ လိုက်ပို့ပေးပါတယ်။ အိမ်အ၀င်မှာ သမီးနဲ့အတူ အရောတ၀င်လုပ်နေတဲ့ အက်ဒ်ကို စိတ်ဆိုးပြီး မောင်းထုတ်ခဲ့ပါတယ်။ စကားများကြရင်း အက်ဒ်ကို အလုပ် ထုတ်ပစ်လိုက်ပါတယ်။ အက်ဒ်ဟာ အလုပ်ထွက်သွားပြီးတော့ ကုမ္ပဏီက ရောင်းချဖို့ ပြင်ဆင်ထားတဲ့ ဆော့ဖ်ဝဲတွေကို အကုန်ဖျက်လိုက်ပါတယ်။ ကိတ်လင်းရဲ့အိမ်မှာလည်း ညဘက်အိပ်တုန်းမှာ ကွန်ရက်ဖွင့်ပြီးတော့ ရေပန်းတွေ သီချင်းသံတွေ ဆူညံအောင် လုပ်ခဲ့ပါတယ်။ စီးပွားရေး အတွက် ဆုံးရှုံးရတဲ့ မိုက်ခ်ဟာ အက်ဒ်ရဲ့အိမ်ကို လိုက်သွားပြီး ဆူပူကြိမ်းမောင်းရင်း ခြိမ်းခြောက်ခဲ့ပါတယ်။

ဒေါသမထိန်းနိုင်သူ အက်ဒ်ဟာ ကိတ်လင်းရဲ့ ဖေ့စ်ဘွတ်ခ်မိတ်ဆွေတွေကို ကိတ်လင်း ရေချိုးနေတဲ့ ဗီဒီယိုကို ဖြန့်လိုက်ပါတယ်။ သမီးဖြစ်သူ အရှက်ကွဲရလေတော့ မိုက်ခ်ဟာ အက်ဒ်ကို ဆုံးမဖို့ ကားမောင်းပြီး ထွက်လာပါတယ်။ ကားမောင်းစနစ် ကွန်ရက်ထဲအထိ ဖောက်ဝင်ထားသူ အက်ဒ်ဟာ မိုက်ခ်ရဲ့ကားကို ထိန်းချုပ်ရင်း မြန်နှုန်းမြှင့်တင်ပြီး မှောက်အောင် လုပ်လိုက်ပါတယ်။ အိမ်ရဲ့ လုံခြုံရေးကွန်ရက်အထိ ကျိုးပေါက်နေတော့ အဆင့်မြင့် ဟက်ကာတစ်ဦးကို ငှားပြီး ပြန်ပြင်ရပါတယ်။ ဖေ့စ်ဘွတ်အကောင့်တွေ အားလုံးကိုလည်း ပိတ်ခိုင်းပြီး စနစ်အားလုံးကို ဖယ်ထုတ် Delete လုပ်လိုက်ပါတယ်။

အိမ်ရဲ့ လုံခြုံရေးစနစ် ပြင်ပြီးတော့ အက်ဒ်ရဲ့ကွန်ရက်ကို ဟက်ကာက ဖောက်ဝင်ပါတယ်။ အဲ့ဒီအခါမှာတော့ အက်ဒ်ရဲ့ ကိုယ်ရေးအချက်အလက်အမှန်တွေ ရခဲ့ပါတယ်။ အက်ဒ်ကို မွေးပြီး မကြာခင် ဖခင်က သတ်သေခဲ့လို့ မိခင်ကပဲ ဆင်းဆင်းရဲရဲ မွေးခဲ့ရပါတယ်။ မွေးစားအိမ်တွေမှာပဲ အနေများ သူ အက်ဒ်ဟာ ကွန်ပျူတာပညာရပ်တွေ ကျွမ်းကျင်လာတော့ ခိုးဝင်သူ ဟက်ကာဖြစ်လာခဲ့ပါတယ်။ ပိုက်ဆံရဖို့ ဘာမဆိုလုပ်ရင်း မူးယစ်ဆေးတွေ သုံးစွဲရာကနေ စိတ်ရောဂါ ပါဖြစ်လာတော့ ဆေးကုသခံနေခဲ့ရပါတယ်။ NSA မှာ အလုပ်လုပ်တယ်လို့ သက်သေပြတဲ့ ဓာတ်ပုံကလည်း နည်းပညာနဲ့ပေါင်းစပ်ထားတဲ့ ဓာတ်ပုံအတုဖြစ်နေပါတယ်။

အိမ်ရဲ့ လုံခြုံရေးကွန်ရက်ကို ပြင်ပြီးလို့ စိတ်ချရပေမယ့် အက်ဒ်ရဲ့လက်ထဲမှာ လျှို့ဝှက်ရိုက်ထားတဲ့ ဖိုင်တွေ ကျန်နေပါတယ်။ သမီးဖြစ်သူ အရှက်ခွဲခံရမယ့်အရေးမို့ မိုက်ခ်ကိုယ်တိုင်ပဲ အက်ဒ်ရဲ့အိမ်ထဲ ၀င်ရှာပါတယ်။ ဖိုင်တွေရလာပေမယ့် အပြန်စောတဲ့ အက်ဒ်က တွေ့သွားလို့ ရဲစခန်းမှာ အခေါ်ခံရပါတယ်။ စခန်းက ပြန်လာချိန်မှာတော့ စိတ်ဖောက်နေသူ အက်ဒ်က ဇနီးနဲ့သမီးကို ဖမ်းဆီးထားလို့ ကယ်ရပါသေးတယ်။ အက်ဒ်ကို ဖမ်းမိမှပဲ အားလုံး ကောင်းသွားပါတော့တယ်။

နည်းပညာတွေ အဆင့်မြင့်လာလို့ ကမ္ဘာ့တစ်ဖက်ခြမ်းနဲ့ မိနစ်ပိုင်းအတွင်း စကားပြောတာ စာပို့တာ လုပ်နိုင်လို့ ကမ္ဘာကြီးက ရွာကြီးဖြစ်လာပြီလို့ ဆိုကြပါတယ်။ ကောင်းတဲ့အချက်တွေ ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိကြပါတယ်။ ဆိုရှယ်မီဒီယာမှာ ပျော်မွေ့နေတော့ မိသားစုအချင်းချင်း စကားပြောချိန် နည်းသွားပါတယ်။ အွန်လိုင်းမှာလည်း လူလိမ်တွေ များလာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာ တိုးတက်ပေမယ့် ယဉ်ကျေးမှုအပိုင်းမှာ ဆုတ်ယုတ်တာတွေကိုတော့ သတိနဲ့ ရှောင်ကြဉ်ကြဖို့ အရေးကြီးပါတယ်။