တရားစီရင်ရေးစနစ်၌ အဂတိလိုက်စားခြင်း

တရားစီရင်ရေးစနစ်၌ အဂတိလိုက်စားခြင်း
Published 16 September 2018

တရားစီရင်ရေးကို ကျင့်သုံးမှုသည် လူပုဂ္ဂိုလ်အသီးသီးတို့၏ ဘဝများအပေါ် သြဇာ သက်ရောက်မှုကြီးမားပြီး အဂတိလိုက်စားမှုများဖြင့် ညစ်ပေနေသော တရားစီရင်ရေးသည် ဥပဒေစနစ်တစ်ရပ်ကို လူ့အဖွဲ့အစည်းက တရားဝင်အဖြစ် လက်ခံမှုအား အကြီးအကျယ် ထိခိုက်စေလိမ့်မည်ဖြစ်သည်။

အတွေ့ရအများဆုံး တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှုနှစ်မျိုးမှာ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်းနှင့် လာဘ်စားခြင်းတို့ဖြစ်သည်။ နိုင်ငံရေးအရ စွက်ဖက်မှုသည် အုပ်ချုပ်ရေးမဏ္ဍိုင် သို့မဟုတ် ဥပဒေပြုရေးမဏ္ဍိုင်မှ နိုင်ငံရေးသမားများ သို့မဟုတ် အစိုးရအာဏာပိုင်များက တရားစီရင်ရေးကိစ္စ၌ ဝင်ရောက်စွက်ဖက်ပြီး တရားသူကြီးများအား မသမာသည့် အစီအစဉ်များ လုပ်ဆောင်စေရန် ပူးပေါင်းကြံစည်ခြင်းဖြစ်သည်။ နိုင်ငံပေါင်းများစွာတို့တွင် တရားစီရင်ရေးကို နိုင်ငံရေးမှ သီးခြားခွဲထုတ်ထားသော်လည်း တရားသူကြီးများနှင့် အခြားတရားရုံးအရာရှိများသည် တရားဥပဒေနှင့်အညီ မဟုတ်ဘဲ သြဇာကြီးမားသော နိုင်ငံရေးသမားများနှင့် လုပ်ငန်းရှင်သူဌေးကြီးများ အကြိုက်ကိုလိုက်၍ ဆုံးဖြတ်ပေးရန် ဖိအားများကို ရင်ဆိုင်နေရဆဲဖြစ်သည်။ မသမာသော လုပ်ရပ်များကို အကာအကွယ်ပေးရန် သို့မဟုတ် တရားဝင်ဖြစ်စေရန်အတွက် အာဏာရှိသူများက  လိုသလို ဆွဲနိုင် ကျုံ့နိုင်သော မျှော့ကြိုးဥပဒေများကို အသုံးပြုလေ့ရှိသည်။ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ငွေကြေးခဝါချခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းကဲ့သို့သော ရာဇဝတ်မှုအမျိုးမျိုးတွင် နိုင်ငံရေးသမားများက တရားသူကြီးများနှင့် ပူးပေါင်းကြံစည်တတ်ကြသည်။

တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ဒုတိယအတွေ့ရအများဆုံးမှာ လာဘ်စားခြင်းဖြစ်သည်။ တရားသူကြီး သို့မဟုတ် အခြားတရားရေးဝန်ထမ်းများသည် လာဘ်ထိုးသူဘက်သို့လိုက်လျက် ၎င်းတို့၏ သြဇာကိုအသုံးပြုကာ အမှုကိစ္စများကို ဆောင်ရွက်တတ်ကြသည်။ ဥပမာအားဖြင့် တရားသူကြီးတစ်ဦးသည် အမှုများအား ကြန့်ကြာစေနိုင်သကဲ့သို့ မြန်ဆန်အောင်လည်း ပြုလုပ်နိုင်သည်။ အယူခံများကို လက်ခံနိုင်သကဲ့သို့ ပယ်ချခြင်းလည်း ပြုလုပ်နိုင်သည်။ လာဘ်ငွေယူထားခြင်းအတွက် အလဲအလှယ်အဖြစ် လာဘ်ပေးသူကို အကျိုးရှိအောင် အမိန့်ချပေးနိုင်သည်။ အမှုသည်များအနေဖြင့် လာဘ်ထိုးရခြင်း အကြောင်းရင်းများထဲ၌ မိမိဘက်က အသာရရှိသော စီရင်ဆုံးဖြတ်ချက် ဖြစ်ရန်၊ စီရင်ချက်ချမှတ်မှု မြန်ဆန်စေရန်၊ အာမခံရရှိရန်၊ လုပ်ကြံသက်သေခံမှုများ ဖန် တီးရန်နှင့် ကျမ်းကျိန်လွှာနှင့် မှတ်ပုံတင်ခြင်းကဲ့သို့သော အခြားလုပ်ငန်းစဉ်များ၌ အဆင် ပြေစေရန်တို့ ပါဝင်သည်။

တရားစီရင်ရေးစနစ်တစ်ရပ်၏ သမာဓိကို အကဲဖြတ်သည့်အခါ စဉ်းစားရန် အဓိက အချက် နှစ်ချက်ရှိသည်။ ယင်းတို့မှာ လွတ်လပ်မှုရှိခြင်းနှင့် ပြည်သူကို တာဝန်ခံမှုရှိခြင်း ဖြစ်သည်။ တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှုကို ကိုင်တွယ်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲတစ်ခုအဖြစ် တရားစီရင်မှုများသည် တရားစီရင်ရေးနှင့်ပတ်သက်၍ လိုအပ်သော လွတ်လပ်မှုနှင့် နိုင်ငံရေးမဆန်သော ကြီးကြပ်မှုအတိုင်းအတာနှင့် တာဝန်ခံမှုတို့အကြား မျှခြေတစ်ရပ်ကို တည်ဆောက်ရသည်။ ယင်းအတွက် ရဲလုပ်ငန်းစဉ်ဆိုင်ရာ မှန်ကန်ထိရောက်မှုများနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ပွင့်လင်းမြင်သာမှုများ အားဖြင့် တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်ရသည်။

မည်သို့ပင်ဆိုစေကာမူ တရားစီရင်ရေးသည် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းရှိ လူတိုင်း၏ ဘဝများအပေါ် ကြီးစွာသော သြဇာသက်ရောက်မှုရှိသည်သာမက ဥပဒေစနစ်တစ်ရပ်ကို လူ့အဖွဲ့အစည်းက တရားဝင်လက်ခံထားခြင်းသည် တရားစီရင်ရေး၏ တော်တည့်မှန်ကန်သော သမာဓိကြောင့်သာဖြစ်သောကြောင့် တရားစီရင်ရေး၌ အဂတိလိုက်စားခြင်းသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ ကိုယ်ကျင့်တရားဆိုင်ရာ စံတန်ဖိုးများအားလုံးကို ပြိုလဲစေကာ အဆိုပါလူ့အဖွဲ့အစည်းတစ်ရပ်လုံးအား ကျဆုံးမှုဆီသို့ ဦးတည်သွားစေနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)