ကြောက်ရွံ့ထိတ်လန့်မှု၊ စိုးရိမ်မှုများအကြားမှ လုံခြုံရေးအတွက် အရေးပေါ် အကူအညီများ မျှော်လင့်နေသည့် ရခိုင်ပြည်နယ်မှ တိုင်းရင်းသားများ

ကြောက်ရွံ့ထိတ်လန့်မှု၊ စိုးရိမ်မှုများအကြားမှ လုံခြုံရေးအတွက် အရေးပေါ် အကူအညီများ မျှော်လင့်နေသည့် ရခိုင်ပြည်နယ်မှ တိုင်းရင်းသားများ
Published 26 August 2017

လတ်တလော ပေါ်ပေါက်လာသော ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များက ရခိုင်ပြည်နယ်မှ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို ထိပါးလာပြီဖြစ်သည်။ မိုင်းခွဲခြင်း၊ လုံခြုံရေးရဲကင်းများကို ဝင်ရောက် စီးနင်းခြင်း၊ လူသတ်အကြမ်းဖက်ခြင်းများ ဆက်တိုက်ဆိုသလို ပြုလုပ်လာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် အတွင်းရှိ ရဲစခန်းများကို အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက အင်အားသုံး လာရောက်တိုက်ခိုက်သဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အကျအဆုံး ရှိနေခြင်း၊ မောင်တောမြို့နယ်တောင်ပိုင်းရှိ ကျောက်ပန္ဒူရဲကင်းစခန်း သြဂုတ် ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကျဆုံးခဲ့ကာ တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရခြင်း၊ သြဂုတ် ၂၅ ရက် နံနက်က ကြိမ်ချောင်းကျေးရွာတွင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများ နေရာငါးခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရခြင်း စသည့်ဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသည်။ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ပြီး တစ်ပြိုင်နက် မောင်တောတွင် ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူများက ရဲစခန်းများကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သားတစ်ဦးနှင့် ဒုလဝကမှူးတစ်ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ကနဦး သတင်းထုတ်ပြန်ခဲ့သည်။

ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုများကြောင့် မောင်တောမြို့အဝင် ကျေးရွာများတွင်ပါ ပစ်ခတ်မှုများ ဖြစ်ပွားနေသဖြင့် ဘူးသီးတောင်သို့သွားမည့် ယာဉ်များပြေးဆွဲမှု ရပ်ဆိုင်းလျက်ရှိနေသည်။ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်များက ရဲကင်း၊ ရဲစခန်းများကို တိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဘေးကင်းမည့်နေရာများသို့ သွားရောက်စုရုံး နေထိုင်နေကြရသည်။ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် တိုင်းရင်းသားကျေးရွာသားများအား ဝင်ရောက်တိုက်ခိုက်မည့် အနေအထားများ တွေ့နေရပြီး တိုင်းရင်းသားများ အကာအကွယ်မဲ့နေကြောင်း ဒေသခံများက ထုတ်ဖော် ပြောဆိုနေကြသည်။ လတ်တလောတွင် မောင်တောခရိုင်၌ ညမထွက်ရအမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအဖြစ် ပြင်ဆင်ကာ အချိန်တိုးမြှင့်ခဲ့သည်။ ယခင်က ညမထွက်ရအမိန့်မှာ ည ၉ နာရီမှ နံနက် ၅ နာရီအထိ ဖြစ်သော်လည်း ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ညမထွက်ရအမိန့်ကို အချိန်တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာသော အကြမ်းဖက်လုပ်ရပ်များမှာ လုံခြုံရေးဆိုင်ရာ အစီအမံများအပေါ် ပြောင်ပြောင်တင်းတင်း စိန်ခေါ်လာသကဲ့သို့ ရှိနေသည်။ ထို့ကြောင့် အကြမ်းဖက်လုပ်ရပ်များအတွက် အနီးကပ် စိုးရိမ်နေရသော ဒေသခံ ရခိုင်တိုင်းရင်းသားများ အပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချမှု ရှိစေရေးအတွက် ထိရောက်လျင်မြန်သည့် ကာကွယ်ရေးအစီအမံများဖြင့် အပြစ်မဲ့လူထုအား အကာအကွယ်ပေးရန် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူ အဆင့်ဆင့် အနေဖြင့် အလေးထား လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ်လ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်