ကိုယ်ကျင့်တရားဆိုင်ရာသတ္တိနှင့် ခေါင်းဆောင်မှု

ကိုယ်ကျင့်တရားဆိုင်ရာသတ္တိနှင့် ခေါင်းဆောင်မှု
Published 27 March 2018

သောကဗျာပါဒ၊ နာကျင်မှု၊ အန္တရာယ်၊ နှိပ်စက်ညှဉ်းပန်းမှု အစရှိသည်တို့ကို ထိပ်တိုက်ရင်ဆိုင်ရန် လိုလားခြင်း သို့မဟုတ် ရွေးချယ်ခြင်းကို သတ္တိဟု ခေါ်ကြသည်။ ရုပ်ပိုင်းဆိုင်ရာ သတ္တိဟူသည် ရုပ်ပိုင်းဆိုင်ရာအရ နာကျင်မှု၊ အကျပ်အတည်း၊ သေခြင်း သို့မဟုတ် သေခြင်း၏ ခြိမ်းခြောက်မှုတို့အား ရင်ဆိုင်ရန် ရဲစွမ်းသတ္တိ ရှိခြင်းဖြစ်ပြီး ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိဟူသည် လူအများစု၏ ဆန့်ကျင်မှု၊ အရှက်ရမှု၊ အရှုပ်တော်ပုံ၊ စိတ်ပျက်စေမှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ ဆုံးရှုံးမှုတို့ကို ရင်ဆိုင်လျက် မှန်ကန်သည့်အရာကို ပြုလုပ်နိုင်စွမ်းဖြစ်သည်။ မကောင်းသည့် အကျိုးဆက်များကို ခံစားရနိုင်သည့် အန္တရာယ်ရှိသော်လည်း ကိုယ်ကျင့်တရားဆိုင်ရာအရ မှန်ကန်သည့်အရာကို ပြုလုပ်ရဲခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိဖြစ်သည်။ လူတစ်ဦးအနေဖြင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့် ပတ် သက်၍ သံသယများ သို့မဟုတ် ကြောက်ရွံ့ထိတ်လန့်မှုများ ရှိနေသည့်အခါ လုပ်ဆောင်ရန်အတွက် သတ္တိလိုအပ်သည်။ ထို့ကြောင့် ကိုယ့်ကျင်တရားဆိုင်ရာ သတ္တိတွင် စဉ်းစားချင့်ချိန်မှုနှင့် အသေအချာ တွေးတောထားမှု ပါဝင်သည်။ အလိုလျောက် တုံ့ပြန်မှုများ သို့မဟုတ် တစ်ယူသန် လုပ်ရပ်များသည် ကိုယ့်ကျင့်တရားဆိုင်ရာ သတ္တိ၌ မပါဝင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းကဲ့သို့သော စိတ်လိုက်မာန်ပါ ပြုလုပ်မှုများသည် ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းတရားပေါ်၌ အခြေမခံသောကြောင့် ဖြစ်သည်။ ပြစ်ဒဏ်ခံရမှု သို့မဟုတ်  အခြား ရုပ်ပိုင်းဆိုင်ရာအရ ဒုက္ခတွေ့စေမှုများ ပါဝင်ပါက ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိအနေဖြင့် ရုပ်ပိုင်းဆိုင်ရာသတ္တိပါ လိုအပ်နိုင်သည်။ ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိကို သတ္တိနှင့်ပတ်သက်၍ စံပြုထိုက်သော ခေတ်သစ်ပုံစံအဖြစ် ရှုမြင်ကြသည်။

ခေါင်းဆောင်မှုတစ်ရပ်၌ ရုပ်ပိုင်းဆိုင်ရာ သတ္တိသာမက အခြေအနေရပ်များအားလုံး၌ မှန်ကန်သော အရာကိုလုပ်ဆောင်နိုင်ရန် ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိက မဖြစ်မနေ လိုအပ်သည်။ ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိသည် မိမိ၏ စံသတ်မှတ်ချက် သို့မဟုတ် ယုံကြည်ချက်များအတိုင်း ပြုမှုရန်၊ မိမိတပ်ဖွဲ့ဝင်များ၏ ကောင်းကျိုးချမ်းသာကို ကာကွယ် စောင့်ရှောက်ရေး အခွင့်အာဏာအတွက် ရပ်တည်ရန်နှင့် မိမိ၏ ဆုံးဖြတ်ချက်များအတွက် ခုခံကာကွယ်ရန် အန္တရာယ်ကို ခံယူလိုသော ခေါင်းဆောင်တစ်ဦး၏ ကိုယ်ကျင့်တရား ခိုင်မာမှုနှင့် ပတ်သက်နေသည်။ ထို့ကြောင့် ကိုယ်ကျင့်တရားဆိုင်ရာသတ္တိက ခေါင်းဆောင်များကို ဂုဏ်သိက္ခာသမာဓိဖြင့် နေထိုင်နိုင်ရန်၊ မိမိတို့၏ လက်အောက်ငယ်သားများအပေါ် သစ္စာရှိမှုကို ထိန်းသိမ်းနိုင်ရန်နှင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ယုံကြည်မှုဖြင့် ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးသည်။

လက်အောက်ငယ်သားများသည် မိမိတို့၏ စံသတ်မှတ်ချက်များအတိုင်း ပြုလုပ်ရဲသော သတ္တိရှိသည့် ခေါင်းဆောင်များကို ယုံကြည်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သောခေါင်းဆောင်များက ထုတ်ပြန်သည့် ညွှန်ကြားချက်များသည် စံသတ်မှတ်ချက်များအပေါ် အခြေခံပြီး ရိုးသားမှုရှိသည်ကို သိကြသောကြောင့်ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးသည် လုပ်ငန်းနှင့်ပတ်သက်၍ ကောင်းမွန်သော ဗဟုသုတရှိသော်လည်း၊ စံသတ်မှတ်ချက်များနှင့် ယုံကြည်ချက်များ ချမှတ်ထားသော်လည်း၊ လက်အောက်ငယ်သားများအပေါ် သစ္စာရှိသော်လည်း ယင်းကျွမ်းကျင်မှုများ၊ စံသတ်မှတ်ချက်များနှင့် ယုံကြည်ချက်များကို အပြုအမူအဖြစ် ပြောင်းလဲရန် ကိုယ်ကျင့်တရားဆိုင်ရာသတ္တိ ချို့တဲ့ပါက အဆိုပါ ခေါင်းဆောင်ကို လက်အောက်ငယ်သားများက အားထားခြင်း သို့မဟုတ် ယုံကြည်ခြင်း ရှိမည်မဟုတ်ပါ။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦး၏ ကိုယ်ကျင့်တရားဆိုင်ရာသတ္တိသည်  အနေအထားနှင့်မဆိုင်ဘဲ ခေါင်းဆောင်အနေဖြင့် ခံရမည့် ပေးဆပ်မှုများနှင့်မဆိုင်ဘဲ  မှန်ကန်သည့်အရာကို ပြုလုပ်ရန် စိတ်ဓာတ်အင်အားကို ပေးစွမ်းနိုင်သည်။ တိုက်ပွဲတစ်ရပ်တွင် ခေါင်းဆောင်၏ ကိုယ်ကျင့်တရားဆိုင်ရာသတ္တိနှင့် သမာဓိတို့က လက်အောက်ငယ်သားများ ကျင့်သုံးရမည့် ကိုယ်ကျင့်တရားဆိုင်ရာနှင့် ကျင့်ဝတ်ဆိုင်ရာ နယ်နိမိတ်များကို  သတ်မှတ်ပေးသောကြောင့် ခေါင်းဆောင်၏ ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိသည် အလွန်အရေးကြီးသည်။

ထို့ကြောင့် ကိုယ်ကျင့်တရားဆိုင်ရာသတ္တိသည် ခေါင်းဆောင်မှုတစ်ရပ်၌ မဖြစ်မနေလိုအပ်သည့် အရာတစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မတ်လ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)