မြေသိမ်းဥပဒေကြမ်းနှင့် မြေယာကိစ္စ

မြေသိမ်းဥပဒေကြမ်းနှင့် မြေယာကိစ္စ
Published 1 November 2017

မြန်မာနိုင်ငံ၏ လူဦးရေအများစုနေထိုင်ရာ ကျေးလက်ဒေသများတွင် လူနေမှုဘ၀ မြင့်မားလာရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရန် လိုအပ်လျက်ရှိရာ မြေယာပြဿနာသည်လည်း အခက်အခဲတစ်ရပ်အဖြစ် မြင်တွေ့နေရသည်။ စိုက်ပျိုးမြေ၊ လယ်ယာမြေပိုင်ဆိုင်မှုဆိုင်ရာ အခြေအနေနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအကြား မှန်ကန်မျှတသည့် ဥပဒေစည်းကမ်းစည်းမျဉ်းများနှင့် ဖြေရှင်းမှုများမှာ များစွာအရေးပါလျက်ရှိနေသည်။ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စများအပါအဝင် လယ်ယာမြေပိုင်ဆိုင်မှုများအား ဥပဒေနှင့်အညီဖြစ်ရန်နှင့် ဥပဒေမဲ့ဆုံးရှုံးနစ်နာရမှုများ မဖြစ်စေရေး ထိုက်တန်သည့်လျော်ကြေး သို့မဟုတ် နစ်နာကြေးရရှိနိုင်ရန်အတွက်လည်း ခိုင်မာသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် လယ်ယာမြေသိမ်းဆည်းမှုဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို လွှတ်တော်တွင် ဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်။

၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းတွင် သိမ်းဆည်းခံရသူများအတွက် နစ်နာကြေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေးကိစ္စရပ်များကို ထည့်သွင်းထားကြောင်း၊ လက်ရှိ တည်ဆဲဥပဒေသည် ဗြိတိသျှလက်ထက်က ရေးဆွဲထားသည့် ဥပဒေဖြစ်ကြောင်း၊ ဗြိတိသျှခေတ်က ကုမ္ပဏီများ၊ အစိုးရအတွက် အကျိုးစီးပွားဖြစ်ရန် အဓိကရည်ရွယ်သော်လည်း လက်ရှိအချိန်တွင် အများပြည်သူအကျိုးစီးပွားအတွက် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏စီမံကိန်းများအတွက်လည်း မြေသိမ်းရန် လိုအပ်လာသည့်အခါတွင် တရားမျှတစွာမြေသိမ်းရန်၊ တရားမျှတစွာဖြင့် နစ်နာသူများကို လျော်ကြေးငွေများပေးနိုင်ရန် ရည်ရွယ်သည့်အပြင် ၎င်းတို့၏ ပြန်လည်ထူထောင်ရေး၊ မြေသိမ်းခံရမှုကြောင့် နစ်နာဆုံးရှုံးမှုများ၊ မြေယာပိုင်ဆိုင်သည့် သူများအားလုံးအတွက် ပြန်လည်နေရာချထားရေး၊ ဆုံးရှုံးခဲ့သည့် လူမှုဘဝများကိုပါ ထည့်သွင်းစဉ်းစားထားသည့် အချက်များပါဝင်ကြောင်း အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌက ပြောကြားထားသည်။

၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းတွင် ဤဥပဒေအရ မြေသိမ်းဆည်းခြင်းပြုရာတွင် မြေရှင်များနှင့် လျော်ကြေးငွေတောင်းဆိုခွင့်ရှိသူများ၊ သိမ်းဆည်းမြေတွင် သီးစားအဖြစ်ဖြင့်ဖြစ်စေ၊ အကျိုးတူအဖြစ်ဖြင့်ဖြစ်စေ၊ ငှားရမ်း၍ဖြစ်စေ လုပ်ကိုင်နေသူများဟု မြေတွင် အကျိုးစီးပွားသက်ဆိုင်သူများဆိုရာတွင် ပါဝင်သူများဟု သတ်မှတ်ထားသလို ထိခိုက်နစ်နာသူ မိသားစုဟုဆိုရာတွင် ယင်းတို့၏မြေ သို့မဟုတ် အခြားမရွှေ့မပြောင်းနိုင်သောပစ္စည်းကို သိမ်းယူခြင်းခံရသည့် မိသားစု၊ မြေတစ်ရပ်ရပ်ကို ပိုင်ဆိုင်မှုမရှိသော်လည်း မိသားစုဝင်တစ်ဦး သို့မဟုတ် အများသည် လယ်ယာလုပ်သားအဖြစ်ဖြင့်ဖြစ်စေ၊ လက်ခစားအဖြစ်ဖြင့်ဖြစ်စေ၊ ထိခိုက်နစ်နာသည့် အရပ်ဒေသအတွင်း မြေကိုသိမ်းဆည်းခြင်း မပြုမီကာလတွင် အစဉ်အဆက်လုပ်ကိုင်ခဲ့ပြီးလျှင် မြေကိုသိမ်းဆည်းမှုကြောင့် ယင်းတို့၏ စားဝတ်နေရေးထိခိုက်မှု ဖြစ်ပွားရသည့်မိသားစု၊ သိမ်းဆည်းမြေကို အကြောင်းပြု၍ စားဝတ်နေရေး ထိခိုက်နစ်နာရသူများဟု အဆိုပါဥပဒေကြမ်းတွင် ဖော်ပြထားသည်။

သို့ပါ၍ ကာလရှည်ကြာပေါ်ပေါက်ခဲ့သော ပြဿနာများအနက် ရှုပ်ထွေးမှုများရှိနေသည့် မြေယာကိစ္စရပ်အပေါ် ကိုင်တွယ်ဖြေရှင်းရာတွင် မည်သူမျှနစ်နာမှုမရှိစေရန် ဥပဒေ၊ နည်းဥပဒေများ၏ မှန်ကန်မျှတမှု၊ ပကတိအခြေအနေမှန်နှင့် ပြဿနာ၏ အရင်းအမြစ်များကို မှန်မှန်ကန်ကန်ဖော်ထုတ်၍ အဖြေရှာ ဖြေရှင်းနိုင်မှုများမှာ အဓိကအရေးပါသည့် အချက်များဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ (၁) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်