ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၃ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့် မြို့နယ်များ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) တွင် ပါဝင်သည့် မြို့နယ် ( ၁၀၂ ) မြို့နယ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀ ရက်တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့်လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ( ၂ ) တွင် ပါဝင်သည့် မြို့နယ် ( ၁၀၀ ) မြို့နယ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက် နေ့တွင် ကြေညာချက်အမှတ် (၁၄၁/၂၀၂၅) ဖြင့်လည်းကောင်း သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း( ၃ )ကို ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ) တနင်္ဂနွေတွင် ကျင်းပမည်ဖြစ်ပြီး ပါဝင်သည့် မြို့နယ် ( ၆၃ ) မြို့နယ်အား တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်ကြေညာလိုက်ကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း (၃) ပြုလုပ်မည့် နေရာမျာအနေဖြင့် ကချင်ပြည်နယ်တွင် ငါးမြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်၊ စစ်ကိုင်းတိုင်တွင် နှစ်မြို့နယ်၊ တနသ်ာရီတိုင်းတွင် သုံးမြို့နယ်၊ ပဲခူးတိုင်းတွင် ရှစ်မြို့နယ်၊ မန္တလေးတိုင်းတွင် ရှစ်မြို့နယ်၊ ရန်ကုန်တိုင်းတွင် ၁၇မြို့နယ်၊ ရှမ်းပြည်နယ်တွင် ကိုးမြို့နယ်၊ ဧရာဝတီတိုင်းတွင် ကိုးမြို့နယ်တို့ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။















