အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်အား ယနေ့(ဇူလိုင် ၃၁ ရက်) တွင် ပယ်ဖျက်ခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ် ဆောင်ရွက်စေသည့်ကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြသည့်အစီရင်ခံစာကို လက်ခံရရှိပြီးဖြစ်သဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော် အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်စွဲပါအမိန့်အမှတ်၊ ၁/၂၀၂၁ ကို ပယ်ဖျက်လိုက်ကြောင်း ယင်းအမိန့်စာတွင် ဖော်ပြထားသည်။
“အရေးပေါ်အခြေအနေ ကြေညာခဲ့စဉ်က ပါရှိခဲ့တဲ့ ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်တဲ့ အတွက်ကြောင့်လည်းကောင်း၊ နံပတ်(၂)အရ နိုင်ငံတော်ကို ပါတီစုံလမ်းကြောင်း လျှောက်လှမ်းနိုင်ရန်အတွက် ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် လိုအပ်တဲ့အတွက် အရေးပေါ် အခြေအနေ ကြေညာခြင်းကို ဒီနေ့ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အရ၊ ပုဒ်မ ၄၂၆ အရ ဒီအရေးပေါ်အခြေအနေ အမိန့်ပယ်ဖျက်ကြောင်း ကြေညာပြီးတဲ့နောက်မှာ ပုဒ်မ ၄၂၇ (က)အရ အာဏာ သုံးရပ်လုံးကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က ကျင့်သုံးမှာ ဖြစ်ပါတယ်။ ပုဒ်မ ၄၂၇ (က) အရ နိုင်ငံတော်သမ္မတ(၁) ရွေးချယ်တင်မြှောက်ပြီးတဲ့အချိန်အထိ ပြည်ထောင်စုအဆင့် အာဏာပိုင် အဖွဲ့အစည်းများ ဆောင်ရွက်ပြီးသည်အထိ ဥပဒေပြုရေးအာဏာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကိုယ်တိုင်ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အမျိုးသားကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများနှင့်ပတ်သက်၍ သင့်လျော်သည့် အဖွဲ့အစည်းများနှင့် ဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ရာတွင် ပုဒ်မ ၄၂၈ အရ သက်ဆိုင်ရာ အရည်အချင်းနှင့် ညီညွတ်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်း တာဝန်ပေးသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ပုဒ်မ ၄၂၉ အရ ပုဒ်မ ၄၂၆ အရ အရေးပေါ်ကာလအမိန့် ဖျက်သိမ်းပြီးတဲ့နောက်မှာ (၆)လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးမှာ ဖြစ်ပါတယ်။ ပုဒ်မ ၄၃၀ အရတော့ ပုဒ်မ ၄၂၈ နဲ့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေက အထွေထွေရွေးကောက်ပွဲ ပြီးဆုံးချိန်အထိ တာဝန်ယူ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အစိုးရအဖွဲ့ ဖွဲ့စည်းတဲ့ ဖွဲ့စည်းပုံအသစ်တွေ၊ လိုအပ်တဲ့ အဖွဲ့အစည်းများ ဖွဲ့စည်းတဲ့ အမိန့်တွေကို ဆက်တိုက် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သည် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများနှင့် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက် ဆောင်ရွက်ရေးအပါအဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်ကို ယနေ့(ဇူလိုင် ၃၁ ရက်)တွင် ထုတ်ပြန်သည်။
အဆိုပါ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၁)သည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက် ဆောင်ရွက်ရေးနှင့် ဦးတည်ချက်(၂)သည် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ(Agro-based Industries) ဖွံဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေးတို့ ဖြစ်သည်။
အလားတူ ဦးတည်ချက်(၃)သည် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတိုကို အလေးထားမြှင့်တင်ရေးနှင့် ဦးတည်ချက်(၄)သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ဖြစ်သည်။















