ဘိလိယက် နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်း ဗိုလ်လုပွဲတက်ပြီး ထိုင်းနှင့် ယှဉ်ပြိုင်ရမည်

ဘိလိယက် နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်း ဗိုလ်လုပွဲတက်ပြီး ထိုင်းနှင့် ယှဉ်ပြိုင်ရမည်
Published 23 August 2017

 

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဘိလိယက်နှစ်ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၂၂ ရက်က ကျင်းပရာ မြန်မာအတွဲဖြစ်သည့် အောင်ဌေးနှင့် မင်းစည်သူထွန်းတို့ အတွဲ ဗိုလ်လုပွဲတက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြန်မာ အသင်းသည် ဗိုလ်လုပွဲတွင် ထိုင်းမှ ပရာပွတ်အတွဲနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအတွဲသည် လက်ရှိချန်ပီယံဖြစ်သောကြောင့် ဗီယက်နမ်အတွဲနှင့် ဆီမီးဖိုင်နယ်တွင် ယှဉ်ပြိုင်ခဲ့ရပြီး (၃-၁) ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

အောင်ဌေးနှင့် မင်းစည်သူ ထွန်းအတွဲသည် ပထမပွဲတွင် (၁၀၂-၃၅) မှတ်၊ ဒုတိယပွဲတွင် (၆၅-၁၀၀) မှတ်၊ တတိယပွဲတွင် (၁၀၀-၁၅) မှတ်၊ စတုတ္ထ ပွဲတွင် (၁၀၂-၉၃) မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

စတုတ္ထပွဲတွင် မြန်မာနှင့် ဗီယက်နမ်အတွဲသည် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး ဗီယက်နမ်က (၉၃-၈၄) မှတ်ဖြင့် ဦးဆောင် ပြီးမှ မြန်မာက နောက်မှလိုက်ကစားကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

နှစ်ယောက်တွဲပြိုင်ပွဲတွင် ဗိုလ်လုပွဲရောက်ခဲ့သည့် အောင်ဌေး (ဓာတ်ပုံ - ညီညီစိုးညွန့်)

အခြားဆီမီးပွဲတွင် ပရာပွတ်ဦးဆောင်သည့် ထိုင်းအတွဲနှင့် ပီတာဂေးလ်ခရစ် ဦးဆောင်သည့် စင်ကာပူအတွဲတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ထိုင်းအတွဲက (၃-၂) ပွဲ ဖြင့် အနိုင်ရခဲ့သည်။ ဗိုလ်လုပွဲကို သြဂုတ် ၂၃ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအတွဲသည် လက်ရှိချန်ပီယံဆု ကာကွယ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။