ဗီယက်နမ်နှင့်ပွဲတွင် အနိုင်ရရန် ကြိုးပမ်းမည်ဟု မြန်မာနည်းပြ ရော်ဂျာ ပြောကြား

ဗီယက်နမ်နှင့်ပွဲတွင် အနိုင်ရရန် ကြိုးပမ်းမည်ဟု မြန်မာနည်းပြ ရော်ဂျာ ပြောကြား
Published 20 August 2017

 

မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် နယ်သာလန်နိုင်ငံသား ရော်ဂျာရိုင်နာက သြဂုတ်(၂၀)ရက်တွင် ယှဉ်ပြိုင်ကစားရမည့် ဗီယက်နမ်အသင်းနှင့်ပွဲတွင် အနိုင်ရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရော်ဂျာက "ထိုင်းနဲ့ပွဲမှာ ကျွန်တော်တို့ အမှတ်ရသင့်ပေမယ့် ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ မလေးရှားအသင်းနဲ့ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အသင်းရဲ့ ခြေစွမ်းက လိုအပ်ချက်တွေ အားနည်းချက်တွေရှိခဲ့ပါတယ်။ ဒါကြောင့် ဗီယက်နမ်နဲ့ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဘာတွေလုပ်ထားသလဲဆိုတာတော့ ပြောလို့မရပါဘူး။ အနိုင်ရဖို့အတွက် အကောင်းဆုံးပြင်ဆင်မှုတွေ ပြုလုပ်သွားမှာပါ။ ကျွန်တော် မြန်မာအသင်းကို ကိုင်တွယ် နေတဲ့အချိန်မှာ ဗီယက်နမ်အသင်းနဲ့ နှစ်ကြိမ် တွေ့ဆုံပြီးပါပြီ။ သူတို့ရဲ့ အားနည်းချက်၊ အားသာချက်တွေကို တွေ့ထားပါတယ်။ အနိုင်ရဖို့အတွက် ကျွန်တော်တို့မှာ လုံလောက်တဲ့ အနေအထားရှိပါတယ်။ အနိုင်ရအောင် ကြိုးစားသွားမှာပါ"ဟု ပြောကြားသည်။

မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် နယ်သာလန်နိုင်ငံသား ရော်ဂျာရိုင်နာ (ဓာတ်ပုံ - ညီညီစိုးညွန့်)

မြန်မာအမျိုးသမီးအသင်းနှင့် ဗီယက်နမ်အမျိုးသမီးအသင်းတို့ပွဲမှာ ချန်ပီယံဆုအတွက် အရေးပါလျက်ရှိပြီး အနိုင်ရသည့်အသင်းမှာ မျှော်လင့် ချက်ရှိလာမည်ဖြစ်သည်။ ဗီယက်နမ်အသင်းသည် ပထမပွဲတွင် ဖိလစ်ပိုင်အသင်းကို (၃-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရထားကြောင်း သိရသည်။