တစ်ရာသီအတွင်း ချန်ပီယံဆု နှစ်ခုစလုံးယူနိုင်သော ဒုတိယမြောက် အသင်းဖြစ်လာသည့် ရှမ်းယူနိုက်တက်

တစ်ရာသီအတွင်း ချန်ပီယံဆု နှစ်ခုစလုံးယူနိုင်သော ဒုတိယမြောက် အသင်းဖြစ်လာသည့် ရှမ်းယူနိုက်တက်
Published 26 December 2017

ဓာတ်ပုံ - Shan United FC

ပရော်ဖက်ရှင်နယ်စနစ်ကူးပြောင်းပြီး ကျင်းပလျက်ရှိသည့် ပြည်တွင်းဘောလုံးပြိုင်ပွဲများဖြစ်သော အမှတ်ပေးပြိုင်ပွဲနှင့်ရှုံးထွက်ပြိုင်ပွဲ ချန်ပီယံဆုနှစ်ခုစလုံးကို တစ်ရာသီအတွင်း ရယူနိုင်သည့် ကလပ်အသင်းနှစ်သင်းသာရှိပြီး ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၇ ရာသီတွင် ရန်ကုန်အသင်း ပိုင်ဆိုင်ထားသည့် မှတ်တမ်းကောင်းအား လိုက်မီခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ပြိုင်ပွဲ နှစ်ခုစလုံးတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး တစ်ရာသီအတွင်း ချန်ပီယံဆုနှစ်ခု ရယူနိုင်သည့် မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့သောကြောင့် ၂၀၁၇ ထင်ရှားကျော်ကြား ကဏ္ဏတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် လူငယ်နည်းပြ ဦးစိုးမြတ်မင်း၊ နည်းစနစ်ဒါရိုက်တာ ဦးဆန်းဝင်းတို့၏ လက်အောက်တွင် တိုးတက်မှုများရှိလာခဲ့ပြီး အမှတ်ပေးပြိုင်ပွဲ စတင်ကတည်းက ကြီးစိုးခဲ့သည့် ရန်ကုန်နှင့် ရတနာပုံအသင်းတို့၏ အစဉ်အလာကို တွန်းလှန်ကာ ချန်ပီယံဆုအား ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အလားတူ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင်လည်း ဒုတိယအဆင့်မှလွဲ၍ ကျန်အဆင့်များတွင် အသင်းကြီးများနှင့် တွေ့ဆုံခဲ့ပြီး ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရခြင်းဖြစ်သည်။ ကွာတားဖိုင်နယ်တွင် မကွေးအသင်း၊ ဆီမီးဖိုင်နယ်တွင် ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းဖြစ်သည့် ချန်ပီယံ သုံးကြိမ်ရ ဧရာဝတီအသင်း၊ ဗိုလ်လုပွဲတွင် ရန်ကုန်အသင်းတို့ကို ကျော်ဖြတ်ကာ ချန်ပီယံ ဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရာသီတွင် အောင်မြင်မှုရခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီတွင် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲနှင့် AFC Cup ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။