လေ့ကျင့်ခန်းပြန်ဆင်းနေသည့် ကာဗာနီကို ပြင်သစ်နှင့်ပွဲတွင် သုံး၊ မသုံးထုတ်ဖော်မပြောလိုကြောင်း တာဘာရက်ဇ်ဖွင့်ဟ

လေ့ကျင့်ခန်းပြန်ဆင်းနေသည့် ကာဗာနီကို ပြင်သစ်နှင့်ပွဲတွင် သုံး၊ မသုံးထုတ်ဖော်မပြောလိုကြောင်း တာဘာရက်ဇ်ဖွင့်ဟ
Published 6 July 2018

 

ဥရုဂွေးအသင်းနည်းပြ တာဘာရက်ဇ်က ခြေသလုံးကြွက်သားဒဏ်ရာရှိခဲ့သည့် တိုက်စစ်မှူး ကာဗာနီမှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သော်လည်း ယနေ့ညကစားမည့် ပြင်သစ်အသင်းနှင့်ကွာတားဖိုင်နယ်ပွဲတွင် ပွဲထွက်အဖြစ် သုံး၊မသုံးကို ထုတ်ဖော်မပြောလိုကြောင်း ဖွင့်ဟသွားခဲ့သည်။

Photo:AFP

ကာဗာနီသည် ပြီးခဲ့သည့် ပေါ်တူဂီအသင်းနှင့်ပွဲစဉ်တွင် ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်မကစားမီ (၁)ရက်အလိုမှ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ခြင်းဖြစ်သည်။ တာဘာရက်ဇ်က ကာဗာနီအနေဖြင့် အဆိုပါဒဏ်ရာကြောင့် ပြင်သစ်နှင့်ပွဲကို လွဲချော်ဖွယ်ရှိနေသည်ဟု သတင်းများထွက်နေခြင်းအပေါ်ငြင်းဆန်ခဲ့ပြီး မကြာမီ အဖြေကိုသိရှိရလိမ့်မည်ဟု တုံပြန်ပြောကြားသွားခဲ့သည်။

 

Photo: AFP

တာဘာရက်ဇ်က '' ဒဏ်ရာရသွားလို့ သူအရမ်းဝမ်းနည်းနေပါတယ်။ သူဟာ ကျွန်တော်တို့အသင်းအတွက် အရမ်းအရေးပါတဲ့ကစားသမားတစ်ယောက်ပါ။ ဒဏ်ရာကပြန်ကောင်းလာဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ သတင်းတွေမှာ ဖော်ပြနေတာတွေက အခြေအမြစ်မရှိပါဘူး။ လာမည့် (၂၄)နာရီအတွင်းမှာ သူပွဲထွက်ကစားမလား၊ မကစားဘူးလားဆိုတာ အားလုံးသိရတော့မှာပါ။ ကျွန်တော်တို့ကတော့ သူနဲ့ပတ်သက်ပြီး ဘာမှထပ်ပြောမှာ မဟုတ်ပါဘူး။ သူ ဒီနေ့အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းတာမြင်ရတော့ ကျွန်တော် တကယ်ပဲဝမ်းသာကျေနပ်မိပါတယ်။ ပြင်သစ်နဲ့ပွဲအတွက်လည်း ကျွန်တော်တို့အားလုံး ပြင်ဆင်ထားပြီးသားပါ'' ဟုပြောကြားခဲ့သည်။

 

ကာဗာနီသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရုဂွေးအသင်းအတွက် (၄)ပွဲကစားခဲ့ရာ (၃)ဂိုးသွင်းယူထားပြီး တွဲဖက်တိုက်စစ်မှူး ဆွာရက်ဇ်နှင့်အတူ အကောင်းဆုံးခြေစွမ်းပြနေသောကြောင့် နည်းပြတာဘာရက်ဇ်အနေဖြင့်  ပြင်သစ်နှင့်ပွဲအမီ ၎င်းပါဝင်လာနိုင်ရန် မျှော်လင့်လျက်ရှိသည်။

Most Read

Most Recent