အင်္ဂလန်အသင်းကိုမကြောက်ဟု ကိုလံဘီယာဂိုးသမား အော့စ်ပင်နာ ဆို

အင်္ဂလန်အသင်းကိုမကြောက်ဟု ကိုလံဘီယာဂိုးသမား အော့စ်ပင်နာ ဆို
Published 3 July 2018

ကိုလံဘီယာအသင်းဂိုးသမား အော့စ်ပင်နာက အင်္ဂလန်အသင်းမှာ အသင်းကောင်းတစ်သင်းဖြစ်သော်လည်း ၎င်းင်းတို့ အနေဖြင့် ကြောက်ရွံ့မှုမရှိကြောင်း ပြောကြားခဲ့သည်။

အော့စ်ပင်နာက ''ကျွန်တော်တို့အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က အသင်းထက် ပိုကောင်းပါတယ်။ အင်္ဂလန်အသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် ကျွန်တော်တို့အနေနဲ့ ဒီအ ဆင့်မှာ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ ဂရုစိုက်နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ နိုင်ငံအသင်းအတွက် အကောင်းဆုံး ပေးဆပ်သွားမှာပါ။ ကိုလံဘီယာအသင်းကို ကိုယ်စားပြုကစားခွင့်ရတာကိုက ဂုဏ်ယူစရာပါ''ဟု ပြောကြားခဲ့သည်။

အော့စ်ပင်နာသည် ယနေ့တွင်ကစားမည့် အင်္ဂလန်နှင့်ပွဲတွင် နိုင်ငံတကာပွဲ(၉၀)ပြည့်မြောက်မည်ဖြစ်သည်။

အော့စ်ပင်နာ ပရိုကစားသမားဘဝစတင်ချိန်က နည်းပြဖြစ်ခဲ့သူ လက်ရှိ ကိုလံဘီယာကလပ် နေစီယွန်နယ် ယူ-၂၀အသင်းနည်းပြ ဟွမ်ကားလို့စ်ကင်တယ်ရိုးက သူ၏တပည့်သည် ပယ်နယ်တီများကို ထူးချွန်စွာကာကွယ်နိုင်သည့် စွမ်းရည်ရှိကြောင်း ချီးကျူးခဲ့သည်။

သို့သော် အော့စ်ပင်နာမှာ နောက်ဆုံး(၄)နှစ်တာအတွင်း ပယ်နယ်တီ(၇)ကြိမ်တွင် (၁)ကြိမ်သာ ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

ကိုလံဘီယာအသင်းသည် အင်္ဂလန်နှင့်ထိပ်တိုက်တွေ့ဆုံမှုများတွင် နိုင်ပွဲမရှိသေးဘဲ (၂)ပွဲသရေ၊ (၃)ပွဲရှုံး မှတ်တမ်းရှိထားခဲ့သည်။

Photos:AFP

Most Read

Most Recent