ချန်ပီယံလိဂ်တွင် ဟက်ထရစ်သွင်းနိုင်သည့် (၄)ဦးမြောက် ဂျူဗင်တပ်စ်ကစားသမားအဖြစ် ဒီဘားလား မှတ်တမ်းဝင်

ချန်ပီယံလိဂ်တွင် ဟက်ထရစ်သွင်းနိုင်သည့် (၄)ဦးမြောက် ဂျူဗင်တပ်စ်ကစားသမားအဖြစ် ဒီဘားလား မှတ်တမ်းဝင်
Published 3 October 2018

Photo: AP

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒီဘားလားသည် အသင်းသမိုင်းတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဟက်ထရစ်သွင်းနိုင်သည့် (၄)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ဂျူဗင်တပ်စ် (၃-ဝ)ယန်းဘွိုင်းစ်ပွဲတွင် အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားသည် ဂျူဗင်တပ်စ်အသင်းအတွက် ဟက်ထရစ်(၃ဂိုး)သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်း၏ သမိုင်းတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဒီဘားလားအရင် ဟက်ထရစ်သွင်းထားသည့် ကစားသမားများမှာ အီတလီတိုက်စစ်မှူးများဖြစ်သည့် ဖီလစ်ပိုအင်ဇာဂီ၊ ဒယ်လ်ပီယာရိုနှင့် လက်ရှိ ဘာစီလိုနာအသင်းတွင် ကစားနေသည့် ချီလီကွင်းလယ်လူ ဗီဒယ်လ်တို့ ဖြစ်သည်။

Photo: EPA

ဖီလစ်ပိုအင်ဇာဂီသည် ဂျူဗင်တပ်စ်အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဟက်ထရစ် (၂)ကြိမ် သွင်းယူခဲ့သည့် တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး ၁၉၉၈ ခုနှစ်၊ မတ်လက ဒိုင်နမိုကိဗ်ကို အဝေးကွင်းတွင် (၄-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်နှင့် ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလ ဟမ်းဘတ်အသင်းကို (၄-၄)ဂိုးဖြင့် သရေကျခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တို့တွင် ဟက်ထရစ်ဂိုးများ သွင်းယူခဲ့ခြင်း ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းဂန္ထဝင်တိုက်စစ်မှူး ဒယ်လ်ပီယာရိုမှာ ၁၉၉၈ ခုနှစ်၊ ဧပြီလက မိုနာကိုအသင်းအား (၄-၁)ဂိုးဖြင့် အနိုင်ရသည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူခဲ့ခြင်းဖြစ်ပြီး ဗီဒယ်လ်မှာမူ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလက ကိုပင်ဟေဂင်အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရသည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ဟက်ထရစ်သွင်းယူခဲ့ခြင်း ဖြစ်သည်။

ဒီဘားလားသည် ယခုရာသီတွင် စီရော်နယ်လ်ဒို ရောက်ရှိလာခြင်းကြောင့် ဂျူဗင်တပ်စ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး စီရီးအေပြိုင်ပွဲတွင် (၁)ဂိုးသာ သွင်းယူထားနိုင်သေးသော်လည်း ယခု ယန်းဘွိုင်းစ်နှင့်ပွဲတွင် ပွဲထွက်အဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ခြေစွမ်းပြကာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent