စတမ်းဖို့ဒ်ဘရစ်ချ်မှာ အမှတ်ခွဲယူခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်

စတမ်းဖို့ဒ်ဘရစ်ချ်မှာ အမှတ်ခွဲယူခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်
Published 30 September 2018

Photo: AP

■ ချယ်လ်ဆီး ၁-၁ လီဗာပူးလ်

ပရီးမီးယားလိဂ်ပွဲစဉ် (၇) စနေညရဲ့ နောက်ဆုံးပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ (၁-၁) ဂိုးနဲ့ သရေကျခဲ့ပါတယ်။

လိဂ်ဖလားပွဲစဉ်မှာ လူစုံမသုံးခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ချယ်လ်ဆီးရော၊ လီဗာပူးလ်ပါ ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲဟာမျှော်လင့်ထားသလိုပဲ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ပွဲအစပိုင်းမှာတင် အကြိတ်အနယ်ရှိခဲ့ပါတယ်။ အဝေးကွင်းဖြစ်ပေမယ့် လီဗာပူးလ်က ချယ်လ်ဆီးအသင်းကို ဖိကစားသွားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရခဲ့ပါတယ်။

ဒါပေမဲ့ ဆာလာ၊ မာနေတို့အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိပါဘူး။

Photo: Chelsea FC via Getty Images

ပွဲချိန် (၂၅) မိနစ်မှာတော့ ဟာဇက်၊ ဂျော်ဂျင်ဟို၊ ကိုဗာချစ်တို့ရဲ့တွဲလုံးကနေ ကိုဗာချစ်မျှောထိုးပေးတာကို ဟာဇက်က ဘယ်တောင်ပံကနေ တောက်လျှောက်ဆွဲယူပြီး လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်ရဲ့ ဘယ်ဘက်ထောင့်ထဲကို လှလှပပကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဟာ ဟာဇက်အတွက်ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၆) ဂိုးမြောက်သွင်းခဲ့ဖြစ်ခဲ့ပြီး ဂိုးပေါက်တည့်ကန်သွင်းမှု (၈)ကြိမ်ကနေ (၆) ဂိုးအထိရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ လီဗာပူးလ်ဟာ ချေပဂိုးရဖို့ ဖိကစားလာခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ဆာလာအခွင့်အရေးရခဲ့ပါတယ်။ ချယ်လ်ဆီးနောက်တန်းနဲ့ ဂိုးသမားကယ်ပါကိုလိမ်ခေါက်ပြီးကန်သွင်းခဲ့ပေမယ့် ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါ ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့လို့ လီဗာပူးလ်တို့နစ်နာခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း တစ်ဖက်နဲ့တစ်ဖက်အခွင့်အရေးရခဲ့ကြပြီး လီဗာပူးလ်က ဂိုးရနိုင်တဲ့ အခွင့်အရေးတွေပိုရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာတော့ ချယ်လ်ဆီးက (၁-ဝ) ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးလ်က ပိုမိုဖိအားပေးလာခဲ့ပြီး ချယ်လ်ဆီးနောက်တန်းကို အကြိမ်ကြိမ်ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။

Photo: Reuters

ဒါပေမဲ့ ချယ်လ်ဆီးနောက်တန်းနဲ့ ဂိုးသမားကယ်ပါတို့ အကောင်းဆုံးလက်စွမ်းပြနေတာကြောင့် လီဗာပူးလ်တို့ ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။ ဂိုးဧရိယာထဲမှာ မာနေရဲ့အနီးကပ်ကန်ချက်ကို ကယ်ပါကာကွယ်နိုင်ခဲ့သလို၊ ဖေမီနိုရဲ့အပိုင်ခေါင်းတိုက်ချက်ကိုလည်း ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်က ဂိုးစည်းပေါ်ကနေရှင်းထုတ်နိုင်ခဲ့ပြန်ပါတယ်။

လီဗာပူးလ်ရဲ့ဖိအားပေးမှုကြောင့် ဒုတိယပိုင်းမှာ ချယ်လ်ဆီးဟာတန်ပြန် တိုက်စစ်လောက်ကိုသာအသုံးပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးရဲ့ တန်ပြန်တိုက်စစ်တွေကလည်း လီဗာပူးလ်နောက်တန်းနဲ့ ဂိုးသမားအယ်လစ်ဆန်တို့ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်။

Photo: AP

ချေပဂိုးရဖို့အတွက် ကလော့ပ်ဟာ ဆာလာကိုထုတ်ပြီး ရှာကီရီကိုလူစားလဲခဲ့သလို၊ ကီတာ၊ စတာရစ်ချ်စတဲ့ ကစားသမားတွေကိုပါ ထည့်သွင်းကစားစေခဲ့ပါတယ်။ ကလော့ပ်ရဲ့လူစားလဲမှုဟာ မှန်ကန်တယ်လို့ ဆိုရမှာဖြစ်ပြီး ပွဲပြီးခါနီး (၈၉) မိနစ်မှာ လူစားဝင်တိုက်စစ်မှူး စတာရစ်ချ်က ရှာကီရီရဲ့ပေးပို့မှုကနေ ဂိုးဧရိယာပြင်ပက လှပတဲ့အဝေးကန်ချက်နဲ့ လီဗာပူးလ်အတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီဂိုးမရချင် ရှာကီရီ အပိုင်ပိတ်သွင်းခွင့် တစ်ကြိမ်ရခဲ့ပေမယ့် လွဲချော်ခဲ့လို့ လီဗာပူးလ်တို့ နစ်နာခဲ့ပါတယ်။

ကျန်ပွဲချိန်တွေမှာတော့ ချယ်လ်ဆီးက ဂိုးရဖို့ဖိကစားခဲ့ပေမယ့် ဂိုးမရတော့ဘဲ (၁-၁) ဂိုးနဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ရာနှုန်းပြည့်နိုင်ပွဲဆက်မှုဟာ (၇)ပွဲမြောက်မှာ ရပ်တန့်သွားခဲ့ရပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးနဲ့ လီဗာပူးလ်သရေကျခဲ့တာကြောင့် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို လီဗာပူးလ်နဲ့ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်ခွင့်ရသွားခဲ့ပါတယ်။

 

■ ဥရောပပွဲစဉ်များ ရလဒ်

 

ပရီးမီးယားလိဂ်
ဝက်စ်ဟမ်း ၃-၁ မန်ယူ
အာဆင်နယ် ၂-၀ ဝက်ဖို့ဒ်
အဲဗာတန် ၃-၀ ဖူလ်ဟမ်
ဟတ်ဒါဖီးလ် ဝ-၂ စပါး
မန်စီးတီး ၂-၀ ဘရိုက်တန်
နယူးကာဆယ် ဝ-၂ လက်စတာ
ဝုလ်ဗ် ၂-၀ ဆောက်သမ်တန်
ချယ်လ်ဆီး ၁-၁ လီဗာပူးလ်

 

လာလီဂါ
ဆိုစီဒက် ဝ-၁ ဗလင်စီယာ
ဘာစီလိုနာ ၁-၁ ဘီလ်ဘာအို
အီဘာ ၁-၃ ဆီဗီလာ
ရီးယဲလ်မက်ဒရစ် ဝ-၀ အက်သလက်တီကိုမက်ဒရစ်

 

စီးရီးအေ
ရိုးမား ၃-၁ လာဇီယို
ဂျူဗင်တပ်စ် ၃-၁ နာပိုလီ
အင်တာမီလန် ၂-၀ ကာဂလီယာရီ

 

ဘွန်ဒစ်လီဂါ
ရှော်လ်ကေး ၁-၀ မိန့်ဇ်
ဟော်ဖန်ဟင်မ် ၁-၂ လိုက်ပ်ဇစ်
စတုဂတ် ၂-၁ ဝါဒါဘရီမင်
ဝုလ်ဖ်ဘတ် ၂-၂ မိုချန်ဂလာဘတ်
နုရင်ဘတ် ၃-၀ ဒစ်ဆယ်ဒေါ့ဖ်
လေဗာကူဆင် ၂-၄ ဒေါ့မွန်

 

လီဂူး-၁
နိုက်စ် ဝ-၃ PSG
အန်ဂါစ် ဝ-၁ ဂူအင်ဂမ့်
ကိန်း ၁-၀ အာမီယန်စ်
လိုင်ယွန် ၁-၁ နန့်စ်
Reims ဝ-၀ ဘော်ဒိုး
စထရာဘိုး ၃-၀ ဒီယွန်း

 

လိဂ်ချန်ပီယံရှစ်
ဘာမင်ဂမ် ၂-၂ အစ်ဝစ်ချ်
ဘလက်ဘန်း ၂-၂ နော်တင်ဟမ်
ဘော်လ်တန် ၁-၀ ဒါဘီ
ဘရန့်ဖို့ဒ် ၂-၂ ရက်ဒင်း
ဟားလ်စီးတီး ၁-၁ မစ်ဒယ်ဘရော့
မီဝေါလ် ၂-၃ ရှက်ဖီးယူနိုက်တက်
နောဝစ်ချ် ၁-၀ ဝီဂန်
ပရက်စတန် ၂-၃ ဝက်စ်ဘရွန်း
ဆွမ်ဆီး ၃-၀ QPR
ရော့သာဟမ် ၂-၂ စတုတ်စီးတီး

Most Read

Most Recent