လိဂ်ဖလားတွင် လန်ဒန်ထိပ်သီးကလပ်များ နောက်တစ်ဆင့်တက်ရောက်

လိဂ်ဖလားတွင် လန်ဒန်ထိပ်သီးကလပ်များ နောက်တစ်ဆင့်တက်ရောက်
Published 27 September 2018

Photo: AP

လိဂ်ဖလား (တတိယအဆင့်)ဒုတိယနေ့ပွဲစဉ်များတွင် လန်ဒန်ကလပ်များဖြစ်သည့် ချယ်လ်ဆီး၊ အာဆင်နယ်၊ စပါးနှင့် ဝက်စ်ဟမ်းအသင်းတို့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး လီဗာပူးလ်အသင်းမှာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရကြောင်း သိရသည်။

ချယ်လ်ဆီးနှင့် လီဗာပူးလ်အသင်းတို့၏ ပွဲစဉ်တွင် အိမ်ရှင် လီဗာပူးလ်အသင်းသည် ပွဲချိန် (၅၈)မိနစ်တွင် သွင်းယူခဲ့သည့် စတာရစ်ချ်၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း (၇၉)မိနစ်တွင် အီမာဆင်၊ (၈၅)မိနစ်တွင် ဟာဇက်တို့၏ ချေပဂိုးနှင့် အနိုင်ဂိုးများကို ခွင့်ပြုခဲ့ရသဖြင့် ချယ်လ်ဆီးအသင်းကို (၁-၂)ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။

ယင်းရှုံးပွဲသည် လီဗာပူးလ်အသင်းအတွက် ယခုရာသီတွင် ပထမဆုံးရှုံးပွဲဖြစ်ပြီး ပြိုင်ပွဲစုံ (၇)ပွဲဆက် နိုင်ပွဲဆက်သည့်စံချိန်မှာ ရပ်တန်ခဲ့ရသည်။

လီဗာပူးလ်တိုက်စစ်မှူး စတာရစ်ချ်သည် လိဂ်ဖလားပြိုင်ပွဲတွင် (၁၁)ပွဲကစားပြီး (၁၁)ဂိုး သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Photo: Getty Images

အာဆင်နယ်အသင်းသည် အိမ်ကွင်းတွင် လိဂ်ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အာဆင်နယ်အသင်းအတွက် ဂိုးများကို ပွဲချိန် (၅)မိနစ်နှင့် (၃၇)မိနစ်တို့တွင် ဝဲလ်ဘက်နှင့် (၉၃)မိနစ်တွင် လာကာဇက်တို့က သွင်းယူခဲ့ခြင်း ဖြစ်သည်။

ယခုပွဲစဉ်တွင် ဂိုးသွင်းနိုင်ခဲ့သည့် ဝဲလ်ဘတ်မှာ ယခုရာသီ ပြိုင်ပွဲ(၃)ခု (လိဂ်ဖလား၊ ယူရိုပါလိဂ်နှင့် ပရီးမီးယားလိဂ်)တွင် ဂိုးသွင်းနိုင်သည့် ပထမဆုံးပရီးမီးယားလိဂ်ကစားသမား ဖြစ်လာခဲ့သည်။

ဘရန့်ဖို့ဒ်အသင်းအတွက် ချေပဂိုးကိုမူ ကွင်းလယ်လူ အလန်ဂျက်က ပွဲချိန် (၅၈)မိနစ်တွင် သွင်းယူခဲ့ခြင်း ဖြစ်သည်။

ဝက်စ်ဟမ်းအသင်းမှာမူ League Two ကလပ် မစ်ကလက်ဖီးလ်အသင်းကို သက်သက်သာသာ ကစားပြီး (၈-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဝက်စ်ဟမ်းအသင်းအတွက် ဂိုးများကို ဒီယန်ဂါနာနှင့် ဆနော့ဂရက်စ်တို့က (၂)ဂိုးစီ၊ အန်တိုနီယို၊ လူးကပ်စ်ပီရက်ဇ်၊ ဖရက်ဒရစ်နှင့် အော့ဘွန်နာတို့က (၁)ဂိုးစီ သွင်းယူခဲ့ခြင်း ဖြစ်သည်။

Photo: Daily Mail

စပါးအသင်းနှင့် ဝက်ဖို့ဒ်အသင်းတို့၏ ပွဲစဉ်တွင်မူ (၂-၂)ဂိုးဖြင့် သရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင် စပါးအသင်းက (၄-၂)ဂိုးဖြင့် အနိုင်ရခဲ့သည်။

စပါးအသင်းအတွက် ဂိုးများကို ပွဲချိန် (၈၂)မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် အယ်လီနှင့် (၈၆)မိနစ်တွင် လာမယ်လာက သွင်းယူခဲ့ပြီး ဝက်ဖို့ဒ်အတွက် ဂိုးများကိုမူ ပွဲချိန် (၄၆)မိနစ်တွင် ဆာဆက်စ်နှင့် (၈၉)မိနစ်တွင် ကာပူးတို့က သွင်းယူခဲ့ခြင်း ဖြစ်သည်။

■ ယနေ့ လိဂ်ဖလား (တတိယအဆင့်)ရလဒ်များ

အာဆင်နယ် ၃-၁ ဘရန့်ဖို့ဒ်
ဝက်စ်ဟမ်း ၈-၀ မစ်ကလက်ဖီးလ်
လီဗာပူးလ် ၁-၂ ချယ်လ်ဆီး
နော်တင်ဟမ်ဖောရက် ၃-၂ စတုတ်စီးတီး
စပါး ၂-၂ ဝက်ဖို့ဒ်
(Pen ၄-၂ ဖြင့် စပါးနိုင်)

 

Most Read

Most Recent