နာပိုလီအသင်းကို ပေးဂိုးမရှိဘဲ (၅)ဂိုးပြတ်နိုင်ခဲ့တဲ့ လီဗာပူးလ်

နာပိုလီအသင်းကို ပေးဂိုးမရှိဘဲ (၅)ဂိုးပြတ်နိုင်ခဲ့တဲ့ လီဗာပူးလ်
Published 5 August 2018

Photo: Reuters

အိုင်ယာလန်နိုင်ငံမှာ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာတော့ ပရီးမီးယားလိဂ်ထိပ်သီး လီဗာပူးလ်အသင်းဟာ စီးရီးအေကလပ် နာပိုလီအသင်းကို ပေးဂိုးမရှိဘဲ (၅)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

လီဗာပူးလ်အသင်းမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ဂိုးသမား အယ်လစ်ဆန် ပွဲထွက်အဖြစ် ပါဝင်ကစားခဲ့ပြီး ရှေ့တန်းမှာလည်း ဆာလာ၊ ဖေမီနို၊ ဆာလာတို့ လူစုံပါဝင်ကစားခဲ့ပါတယ်။

နာပိုလီအသင်းမှာလည်း အဓိကကစားသမားတွေဖြစ်တဲ့ ဟမ်ဆစ်၊ ကူလီဘာလီ၊ ကယ်လီဂျွန်၊ မီလစ်၊ အင်ဆစ်ဂနီတို့ လူစုံပါဝင်ကစားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပွဲစကတည်းက ဖိကစားခဲ့ပြီး ပွဲချိန် (၁၀)မိနစ်မပြည့်ခင်မှာတင် (၂)ဂိုးရရှိခဲ့ပါတယ်။ လီဗာပူးလ်အတွက် ပထမဂိုးကို ပွဲချိန်(၄)မိနစ်မှာ မီလ်နာက မာနေးရဲ့ ပေးပို့မှုကနေ သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုတော့ မီလ်နာရဲ့ ပြစ်ဒဏ်ဘောကနေ ဝိုင်နယ်လ်ဒမ်းက ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ပထမပိုင်းမှာ လီဗာပူးလ်အသင်းကပဲ ဖိကစားသွားခဲ့ပြီး နာပိုလီအသင်းကတော့ တန်ပြန်တိုက်စစ်တွေကနေပဲ ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဖေမီနိုအစား ရှာကီရီဝင်လာခဲ့ပြီး လီဗာပူးလ်ကပဲ ဆက်လက်ဖိကစားခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် (၅၈)မိနစ်မှာ ဆာလာက လီဗာပူးလ်အတွက် တတိယအနိုင်ဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ လီဗာပူးလ်ဟာ ဆာလာ၊ မာနေတို့ကို အနားပေးပြီး ဆိုလန်ကီ၊ စတာရစ်ချ်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ သူတို့ ဝင်လာပြီးနောက်မှာလည်း ကစားအားက ကျသွားခြင်းမရှိဘဲ ပွဲချိန်(၇၃)မိနစ်မှာ အိုရီဂီကန်ချက်ကို နာပိုလီဂိုးသမားပုတ်ထုတ်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို စတာရစ်ချ်က ပိတ်သွင်းပြီး လီဗာပူးလ်အတွက် စတုတ္ထဂိုးကို သွင်းပေးခဲ့ပြန်ပါတယ်။

နောက်(၄)မိနစ်အကြာမှာလည်း လူစားဝင်လာတဲ့ နောက်ခံကစားသမား မော်ရီနိုက စတာရစ်ချ်ရဲ့ ဖန်တီးပေးမှုကနေ ပဉ္စမမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ လီဗာပူးလ်တို့ (၅)ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အသင်းရဲ့ ကစားပုံဟာ အရမ်းကောင်းခဲ့ပြီး ပိုပြီးစိတ်ကျေနပ်စရာ ဖြစ်ခဲ့တာက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဂိုးသမား အယ်လစ်ဆန် ပွဲချိန်ပြည့်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။

Most Read

Most Recent