ပြင်သစ်စူပါဖလားမှာ မိုနာကိုအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ PSG

ပြင်သစ်စူပါဖလားမှာ မိုနာကိုအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ PSG
Published 5 August 2018

Photo: AP

၂၀၁၈-၁၉ ပြင်သစ်လီဂူးပြိုင်ပွဲအကြိုကျင်းပခဲ့တဲ့ ပြင်သစ်စူပါဖလား ပွဲစဉ်မှာတော့ PSG အသင်းဟာ မိုနာကိုအသင်းကို (၄-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် (၈)ကြိမ်မြောက်ရယူနိုင်ခဲ့ပါတယ်။

အသင်းနည်းပြသစ်တူဟယ်လ်ဟာ ဒီပွဲစဉ်မှာတော့ ဘူဖွန်၊ သီယာဂိုဆေးလ်ဗား၊ ဒီမာရီယာ၊ ဗာရက်တီ၊ ရာဘီယူတို့ကို အမာခံထားပြီး လူငယ်ကစားသမားတွေနဲ့ တွဲဖက် ပွဲထွက်စေခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလမှာ လူမာ၊ ဖာဘင်ညိုတို့လို အဓိကကစားသမားတွေကို ဆုံးရှုံးထားရတဲ့ မိုနာကိုအသင်းကတော့ ဂျီလစ်၊ ယဲလ်မာဆန်၊ တိုင်လေမန်းစ်၊ ယိုဗီတစ်တို့လို ကစားသမားတွေကိုသာ အမာခံထားခဲ့ပြီး ပွဲထွက်ခဲ့တာပါ။

ဒါပေမဲ့ မိုနာကိုအသင်းဟာ PSG အသင်းကို ယှဉ်ကစားနိုင်ဖို့ခက်ခဲခဲ့ပြီး ပထမပိုင်းမှာတင် (၂)ဂိုးပေးခဲ့ရပါတယ်။ ပွဲချိန် (၃၃)မိနစ်မှာ တောင်ပံကစားသမား ဒီမာရီယာ၊ ပွဲချိန်မိနစ် (၄၀)မှာ လူငယ်ကစားသမား အန်ကွန်ကူတို့က ဆက်တိုက်ဆိုသလို ဂိုးတွေ သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ မာကွင်ဟို့စ်၊ နေမာတို့လို ကစားသမားတွေကို ထည့်သွင်းခဲ့လို့ မိုနာကိုအသင်းကို ပိုဖိကစားနိုင်ခဲ့ပြီး (၆၇)မိနစ်မှာ လူငယ်တိုက်စစ်မှူး တီမိုသီဝီယာက PSG အသင်းအတွက် တတိယဂိုး သွင်းယူခဲ့ပါတယ်။ (၇၆) မိနစ်မှာ ဗာရက်တီအစားလူစားဝင်ခဲ့တဲ့ နေမာ ကတော့ ဒီရာသီကြိုမှာ PSG အသင်းအတွက် ပထမဆုံးပြန်လည်ကစားခဲ့တာလည်းဖြစ်ပါတယ်။

PSG အသင်းအတွက် စတုတ္ထဂိုးကိုတော့ (၉၀+၂) မိနစ်မှာ ရာဘီယူရဲ့ပေးပို့မှုကနေ ဒီမာရီယာကပဲသွင်းယူသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် PSG အသင်းဟာ ပြင်သစ်စူပါဖလားကို (၈)ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး လိုင်ယွန်အသင်းနဲ့အတူ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းအဖြစ်ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် PSG အသင်းဟာ ပြင်သစ်စူပါဖလားကို ၂၀၁၃ ခုနှစ်မှာ ယခုနှစ် ၂၀၁၈ ခုနှစ်အထိ(၆)ကြိမ် ဆက်ရယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ (၆)ကြိမ်ဆက်ဗိုလ်စွဲထားတဲ့ လိုင်ယွန်အသင်းရဲ့ စံချိန်နဲ့လည်း တူညီသွားခဲ့ပါတယ်။

ရာသီကြိုကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ ICC ပွဲစဉ်တွေမှာ PSG အသင်း ပေးဂိုး (၁၀)ဂိုးနဲ့ ရလဒ်ဆိုးခဲ့ပေမယ့် ပြင်သစ်စူပါဖလားကိုအရယူပြီး ရာသီကြိုအဖွင့်လှခဲ့သလို နည်းပြတူဟယ်လ်အတွက် လည်း PSG နည်းပြဘ၀ ပထမဆုံး ဆုဖလားအောင်ပွဲဖြစ်ခဲ့ပါတယ်။

 

Most Read

Most Recent