အင်တာမီလန်ကို ပယ်နယ်တီနဲ့အနိုင်ယူပြီး ICC မှာ အဖွင့်လှခဲ့တဲ့ ချယ်လ်ဆီး

အင်တာမီလန်ကို ပယ်နယ်တီနဲ့အနိုင်ယူပြီး ICC မှာ အဖွင့်လှခဲ့တဲ့ ချယ်လ်ဆီး
Published 29 July 2018

Photo: Reuters

၂၀၁၈ ရာသီကြိုကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ ICC ပွဲစဉ်ရဲ့  ပြင်သစ်နိုင်ငံပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက အင်တာမီလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး အဖွင့်လှခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ၊ နိုက်စ်မြို့မှာကျင်းပခဲ့တဲ့ ယခုပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် ၂၀၁၈ ICC အဖွင့်ပွဲစဉ်ဖြစ်ပြီး အဖွင့်လှဖို့ကိုယ်စီကြိုးစားခဲ့ကြပါတယ်။

ချယ်လ်ဆီးအသင်းကတော့ သြစတြေးလျခြေစမ်းခရီးစဉ် ပွဲထွက်လူစာရင်းကိုသာ အခြေခံခဲ့ပြီး ဒေးဗစ်လူးဝစ်ဇ်၊ အလွန်ဆို၊ ဇာပါကော်စတာ၊ ဖာဘရီဂတ်စ်၊ ပတ်ဒရို၊ ဘာကလေ၊ မိုရာတာတို့ကို ကစားသမားသစ်ယော်ဂင်ဟိုနဲ့ တွဲဖက်ပွဲထွက်စေခဲ့ပါတယ်။

အင်တာမီလန်အသင်းကလည်း အီကာဒီ၊ ဒီဗရိုင်း၊ ရှာကရီညာ၊ ဟင်းနရစ်၊ အဆာမို၊ ကန်ဒရီဗာ၊ ပိုလီတာနိုတို့လိုကစားသမားတွေကို ပွဲထွက်စေခဲ့တာပါ။

ပွဲစပြီးသိပ်မကြာခင်မှာပဲ ချယ်လ်ဆီးတို့ဦးဆောင်ဂိုးရခဲ့ပြီး သြစတြေးလျကလပ် ပါ့သ်ဂလိုရီနဲ့ခြေစမ်းပွဲမှာ သွင်းယူခဲ့တဲ့ ပတ်ဒရိုကပဲ ပွဲချိန် (၈)မိနစ်မှာ သွင်းယူခဲ့တာပါ။

ပထမပိုင်းမှာ ချယ်လ်ဆီးအသင်းကပဲ (၁-ဝ) ဂိုးနဲ့အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အင်တာမီလန်အသင်းချေပဂိုးအတွက်ကြိုးစားလာခဲ့ပြီး ဒုတိယပိုင်းပြန်စပြီး (၄)မိနစ်အကြာမှာပဲ အီကာဒီရဲ့ပေးပို့မှုကနေ ဂါဂလီယာဒီနီက သွင်းယူပေးခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာ (၂)သင်းစလုံးဂိုးမသွင်းနိုင်တော့လို့ ပယ်နယ်တီအထိခရီးဆက်ခဲ့ကြပြီး၊ ပယ်နယ်တီကန်သွင်းရာမှာတော့ အင်တာမီလန်အသင်းက ရှာကရီညာရဲ့ကန်သွင်းမှုကို ချယ်လ်ဆီးဂိုးသမားကာဘယ်လ်လာရိုကာကွယ်နိုင်ခဲ့တာကြောင့် ပယ်နယ်တီ (၅-၄)ဂိုးနဲ့ ချယ်လ်ဆီးအသင်း အနိုင်ရခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ICC ပြိုင်ပွဲမှာ အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Most Read

Most Recent