ဘင်ဖီကာကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့တဲ့ ဂျူဗင်တပ်စ်

ဘင်ဖီကာကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့တဲ့ ဂျူဗင်တပ်စ်
Published 29 July 2018

Photo; Juventus Twitter

၂၀၁၈ ရာသီကြိုကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ ICC ပွဲစဉ်တွေရဲ့ အမေရိကပွဲစဉ်တွေမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ ဘင်ဖီကာအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ နယူးဂျာစီမှာကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းဟာ အဓိကကစားသမားတွေဖြစ်တဲ့ ဆက်ဇနီ၊ ချီလီနီ၊ ခီဒီရာ၊ မာခီစီယို၊ ယာနစ်၊ ဘာနာဒက်ခီတို့ကို ပွဲထုတ်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ကစားသမားသစ်တွေဖြစ်တဲ့ ပါရင်၊ အမ်မရီချန်တို့အပါအဝင် ဒီစီဂလီယို၊ ရူဂါနီ၊ ဘာဇာဂလီတို့ကို ကစားစေခဲ့ပါတယ်။

ဘင်ဖီကာအသင်းကတော့ စီနီယာကစားသမားအချို့ကို လူငယ်ကစားသမားတွေနဲ့ ပွဲထွက်စေခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားစေခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ကြလို့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

အဖွင့်ဂိုးကိုတော့ ပွဲချိန်ဒုတိယပိုင်း (၆၅) မိနစ်မှာ ဘင်ဖီကာအသင်း စတင်ရရှိခဲ့တာဖြစ်ပြီး နောက်ခံလူ ဂရီမယ်လ်ဒိုကသွင်းယူခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာ ဂျူဗင်တပ်စ်တို့ ချေပဂိုးအတွက်ကြိုးစားလာခဲ့သလို၊ ဘင်ဖီကာအသင်းကလည်း အနိုင်ဂိုးကို ထိန်းဖို့ကြိုးစားကစားခဲ့ပါတယ်။

ဂျူဗင်တပ်စ်တို့ ကံကောင်းခဲ့တာက ပွဲချိန် (၈၄)မိနစ်မှာ ချေပဂိုးရသွားခဲ့တာဖြစ်ပြီး ဒီစီဂလီယိုရဲ့ ပေးပို့မှုကနေ လူငယ်ကွင်းလယ်ကစားသမား စလီမန်ဇာက သွင်းယူပေးခဲ့တာပါ။ ပွဲအပြီးအထိ (၁-၁)ဂိုးနဲ့သရေကျခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်မှာတော့ ဂျူဗင်တပ်စ်အသင်းရဲ့ ဂိုးသမားပါရင်လက်စွမ်းပြခဲ့ပြီး ဘင်ဖီကာအသင်းက ယိုးနက်စ်၊ ဖီးလစ်ဇ်တို့ရဲ့ ကန်သွင်းမှု (၂)ကြိမ်ကို ကာကွယ်နိုင်ခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းက ပယ်နယ်တီ (၄-၂)ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းအနေနဲ့ အဖွင့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရထားသလို၊ ယခုပွဲစဉ်မှာလည်း ဘင်ဖီကာအသင်းကိုအနိုင်ရခဲ့တာကြောင့် (၂)ပွဲဆက်အနိုင်ရလဒ်နဲ့အတူ ရာသီသစ်အဖွင့်လှခဲ့ပါတယ်။

 

Most Read

Most Recent