အာဂျင်တီးနားအသင်း၏ စိတ်လှုပ်ရှားဖွယ်နိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ပြီးနောက် မာရာဒိုနာ သွေးပေါင်ချိန်တက်ကာ ပြုစုကုသမှု ခံယူခဲ့ရ

အာဂျင်တီးနားအသင်း၏ စိတ်လှုပ်ရှားဖွယ်နိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ပြီးနောက် မာရာဒိုနာ သွေးပေါင်ချိန်တက်ကာ ပြုစုကုသမှု ခံယူခဲ့ရ
Published 27 June 2018

Photo: Daily Mail

ပွဲသိမ်းခရာမှုတ်ခဲ့ပြီးနောက် ကျန်းမာရေးစိုးရိမ်ရသော အချက်ပေးသံ ထွက်မလာခင် ဇွန် ၂၆ ရက်တွင် နိုင်ဂျီးရီးယားကို အနိုင်ရခဲ့သော အာဂျင်တီးနားအသင်း၏ မချိတင်ကဲဖြစ်စရာ စက္ကန့်တိုင်းတွင် ဒီယေဂိုမာရာဒိုနာသည် လက်ဟန်ခြေဟန်နှင့် အော်ဟစ်အားပေးခဲ့သည်။

စိန့်ပီတာစဘတ်မြို့က ဘောလုံံးကွင်းကို လီယွန်နယ်မက်ဆီက လွှမ်းမိုးခဲ့ဖွယ်ရှိသော်လည်း ပွဲကြည့်စင်ပေါ်က ၎င်း၏ VIP နေရာတွင် မာရာဒိုနာသည် အငြင်းပွားဖွယ်မရှိ အာရုံစိုက်ခံရသူတစ်ဦးအဖြစ် လွှမ်းမိုးခဲ့သည်။

အသက် ၅၇ နှစ်ရှိ ဂန္ထဝင်ဘောလုံးသမားကြီးသည် ပွဲမတိုင်ခင် နိုင်ဂျီးရီးယား အမျိုးသမီး ပရိသတ်တစ်ဦးနှင့် ပျော်ပျော်ရွှင်ရွှင် ကခုန်ခဲ့ပြီး ပရိသတ်များကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့သည်။

Photo: AFP

တောင်အမေရိက ထိပ်သီးကိုနောက်ဆုံး ၁၆ သင်း အဆင့်သို့ တက်ရောက်သွားစေခဲ့ပြီး အာဂျင်တီးနားအသင်း၏ ရင်တုန်ပန်းတုန်ဖြစ်စရာကောင်းသော နှစ်ဂိုးတစ်ဂိုးဖြင့်နိုင်သော ပွဲတစ်လျောက်လုံးတွင် စိုးရိမ်စိတ် မြင့်တက်နေသော မာရာဒိုနာ၏ ရုပ်ပုံများကို ရုပ်သံက မှန်မှန်ထုတ်လွှင့်ပေးခဲ့သည်။

ပထမပိုင်း၏ အစပိုင်းတွင် မက်ဆီက အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးသွင်းလိုက်သည့်အခါ မာရာဒိုနာသည် ပျော်လွန်း၍ ထအော်ခဲ့ပြီး ရင်ဘတ်ပေါ်သို့ လက်တင်ကာကောင်းကင်ဘုံကို ငေးကြည့်၍ အောင်ပွဲခံခဲ့သည်။

ပွဲအရှိန်ရလာသည်နှင့်အမျှ ၁၉၈၆ ကမ္ဘာ့ဖလားရဘောလုံးသမားကြီး မာရာဒိုနာသည် ခြေပစ်လက်ပစ်ဖြစ်လာခဲ့ပြီး ပထမပိုင်းမပြီးခင်ကလေးမှာပင် ထိုင်ခုံရှေ့ကို ယိုင်ထွက်သွားခဲ့ရသည်။

ပထမပိုင်းအပြီးတွင် နိုင်ဂျီးရီးယားက ပင်နယ်တီမှတဆင့် ဂိုးသွင်းခဲ့သောကြောင့် တစ်ဂိုးစီ သရေကျသွားခဲ့ရာ ယင်းရလဒ်သည် အာဂျင်တီးနားကိုပြိုင်ပွဲမှ ထွက်သွားစေမည့် ရလဒ်ဖြစ်နေသောကြောင့် မာရာဒိုနာသည် အလွန်စိတ်ပျက်နေခဲ့ပုံပေါ်သည်။

Photo: AFP

အာဂျင်တီးနားအသင်းအတွက် ဘောလုံးကြမ္မာဆိုးထံ ဦးတည်သွားစေမည့် စက္ကန့်များ တရွေ့ရွေ့ ကုန်ဆုံးလာသောကြောင့် ပွဲချိန်မိနစ် ၈၀ လောက်တွင် သူသည်မျက်နှာကိုလက်ဖြင့်အုပ်ကာ ထိုင်နေခဲ့သည်။

ပွဲချိန်လေးမိနစ် ကျန်နေသေးချိန်တွင် မာကိုရိုဂျိုက သပ်သပ်ရပ်ရပ် မြေမကျကန်သော ဘောလုံးဖြင့် အနိုင်ဂိုးသွင်းလိုက်သည့်အခါ မာရာဒိုနာသည် စိတ်ခံစားမှုပွင့်ထွက်ကာ ဘောလုံးကွင်းဘက်သို့ လက်နှစ်ဘက်စလုံးချိန်ရွယ်၍ လက်ခလယ်နှစ်ချောင်းထောင်ကာ ညစ်တီးညစ်ပတ် အော်တော့သည်။

Photo: AFP

ပွဲသိမ်းခရာမှုတ်ပြီးနောက်မကြာခင် ပျော်မဆုံးမော်မဆုံး ဖြစ်နေမှုသည် အချက်ပေးသံအဖြစ် ပြောင်းလဲသွားခဲ့ပြီး မာရာဒိုနာမှာ VIP ခန်းရှိ ထမင်းစားခန်းသို့ မိတ်ဆွေနှစ်ဦး၏ ဖေးမမှုဖြင့် ခက်ခက်ခဲခဲ လမ်းလျောက်ဝင်သွားခဲ့သော ဗီဒီယိုသည် လူမှုမီဒီယာတွင် ထွက်ပေါ်လာခဲ့သည်။

ယူနီဖောင်းဝတ် ဆေးဘက်အကူနှစ်ဦးက သူ့ကိုပြုစုနေပြီး တစ်ဦးက သူ့သွေးခုန်နှုန်းစမ်းနေသော ဓာတ်ပုံများလည်း ထွက်ပေါ်လာခဲ့သည်။

မာရာဒိုနာသည် သွေးပေါင်တိုးသွားခဲ့ခြင်းဖြစ်သည်ဟု အာဂျင်တီးနား မီဒီယာက ဖော်ပြခဲ့သည်။

မာရာဒိုနာသည် လမ်းလျောက်နိုင်ပြီး သူ့ဟိုတယ်သို့သွားပြီဖြစ်ကြောင်း နောက်ပိုင်းတွင် အာဂျင်တီးနားသတင်းစာ အိုလေက ဖော်ပြခဲ့သည်။

မာရာဒိုနာသည် ကိုကင်းစွဲခြင်း အပါအဝင် အခြားသောကျန်းမာရေး ပြသာနာများနှင့် ရင်ဆိုင်နေရသူဖြစ်သောကြောင့် ၎င်းသည်ဘောလုံးလောကမှ အနားယူရန် အချိန်ရောက်နေပြီကြောင်း အင်္ဂလန်ဘောလုံးသမားဟောင်းဖြစ်ပြီး ယခုအခါ ရုပ်သံတင်ဆက်သူဖြစ်နေသော စတန်ကော်လီမိုးက သုံးသပ် ပြောကြားခဲ့သည်။

ဆေးဘက်အကူများက ပြုစုပေးနေသော ဓာတ်ပုံများ ထွက်ပေါ်ခဲ့ခြင်းကြောင့် မာရာဒိုနာ၏ ကျန်းမာရေးကို ပရိတ်သတ်များက စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။

Most Read

Most Recent