■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၃)

■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၃)
Published 17 August 2017

Photos: AFP,Gettyimages,independent,alresalah,espn,Skysports,Daily Mail,Mirror ...

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော
၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့်
ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

■ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု
ဘောလုံးနဲ့ပတ်သက်လာရင် စီရော်နယ်လ်ဒိုဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြင်းထန်သူ တစ်ဦးလို့ဆိုနိုင်ပါတယ်။ ကလေးငယ်ဘဝမှာကတည်းက အန်ဒိုရင်ဟာ၊ နေစီယွန်နယ်အသင်းတွေမှာ ကိုယ်နဲ့သက်တူရွယ်တူကလေးတွေထက် ပိုခြေစွမ်းပြနိုင်ခဲ့တဲ့အပြင်ပေါ်တူဂီနာမည်ကြီးကလပ် စပို့တင်းလစ္စဘွန်းအသင်းမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးတွေနဲ့အပြိုင် ကစားနိုင်ခဲ့တာကြောင့် သူ့ရဲ့ခြေစွမ်းအပေါ် သူယုံကြည်ချက်ပြည့်ဝနေပြီး မန်ယူကိုရောက်ရှိလာရာမှာလည်း ယုံကြည်ချက်ခိုင်မာစွာနဲ့ရောက်ရှိလာခဲ့သူလို့ ဆိုရမှာပါ။လူငယ်ကစားသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် (၁၂)သန်းကျော်ဆိုတဲ့ မှတ်တမ်းနဲ့အတူ မန်ယူကိုရောက်ရှိလာခဲ့တာကလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိစေခဲ့ပါတယ်။

မန်ယူအသင်းမှာ အသင်းခေါင်းဆောင်ရွိုင်ကင်း၊ ဝါရင့်တောင်ပံကစားသမားရိုင်ယန်ဂစ်၊ ဝါရင့်ကွင်းလယ်လူပေါလ်စခိုးလ်တို့လို ကစားသမားမျိုးတွေကိုတောင် သူကသိပ်ပြီးရှိန်နေတာ မဟုတ်ပါဘူး။ အသင်းရဲ့အဝတ်လဲခန်းထဲမှာ ဒီလိုစီနီယာကစားသမားကြီးတွေကို လူငယ်ကစားသမားလေးတွေက အတိုင်းအတာတစ်ရပ်အနေနဲ့ လေးလေးစားစား၊ ကြောက်ကြောက်ရွံ့ရွံ့ဆက်ဆံတတ်ပေမယ့် စီရော်နယ်လ်ဒိုကတော့ အဝတ်လဲခန်းထဲကိုလာရင် ခေါင်းကိုမော့၊ ရင်ကိုချီထားပြီး စီနီယာကစားသမားတွေနဲ့စကားပြောရင်လည်း အကြောက်အလန့်မရှိတဲ့မျက်လုံးတွေနဲ့ တည့်တည့်ကြည့်ပြီးပြောတတ်တယ်လို့ ဖီးလ်နဗီးလ်က ပြန်ပြောပြခဲ့ပါတယ်။ ဘောလုံးသမားတစ်ဦးဖြစ်ပေမယ့် မော်ဒယ်၊ ရုပ်ရှင်မင်းသားတစ်ဦးလို အမြဲပြင်ပြင်ဆင်ဆင်နေတတ်တဲ့ စီရော်နယ်လ်ဒိုကို ကစားသမားကြီးတွေက " မင်း ဝန်ကြီးချုပ်နဲ့သွား တွေ့ဖို့လား။ ဒါမှမဟုတ် မင်းယူမယ့်မိန်းမနဲ့ သွားတွေ့ဖို့လား "လို့ လှောင်ပြောင်တတ်ကြကြောင်း ဖီးလ်နဗီးလ်က ပြန်ပြောင်းပြောပြပါတယ်။ ပေါ်တူဂီစတိုင်လ်အင်္ကျီ၊ ဘောင်းဘီ Fit-Size ခပ်ကျပ်ကျပ်တွေဝတ်ဆင်တတ်တဲ့ စီရော်နယ်လ်ဒိုရဲ့ဒီဇိုင်းက မန်ယူကစားသမားတွေကြား ရယ်စရာလည်းဖြစ်နေပါတယ်။

 

အဝတ်လဲခန်းထဲက သူ့ရဲ့ပစ္စည်းတွေထားတဲ့ Locker မှာလည်း ကြည့်မှန်ကြီးကြီးတစ်ချပ်ကိုထားပြီး သူ့ကိုယ်သူမကြာခဏ ပြန်ကြည့်နေတတ်တယ်လို့ ဆိုပါတယ်။ ကစားသမားကြီးတွေကတော့ သူ့ကိုအသင်းကထွက်သွားတဲ့ ဒေးဗစ်ဘက်ခမ်နဲ့ အမြဲနှိုင်းယှဉ်စနောက်ကြပြီး ဘက်ခမ်အနေနဲ့ ရီးယဲလ်ကနေမန်ယူကို ပြန်လာမှာဖြစ်ကြောင်း၊ အဲဒီကျရင် နံပါတ်(၇) အင်္ကျီကိုပြန်ပေးရမှာဖြစ်ကြောင်း၊ အခုသူမရှိခင်ခဏ ဝတ်ဆင်နေရတာဖြစ်ကြောင်း သူ့ကို စနောက်ကြပါတယ်။ ဒါ့အပြင်သူသုံးနေတဲ့ Locker ကလည်း ဘက်ခမ်ရဲ့ Locker ဖြစ်တာကြောင့်ပြန်ပေးရလိမ့်မယ်လို့ပြောရင် စီရော်နယ်လ်ဒိုဟာ ဒေါသထွက်နေတတ်ပါတယ်။

စီရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး မန်ယူတိုက်စစ်မှူးဟောင်းရွန်နီက မှတ်ချက်စကားတစ်ခုပြောခဲ့ဖူးပါတယ်။ အဲဒါကတော့ သူ့ရဲ့ကစားသမားဘဝမှာ စီရော်နယ်လ်ဒိုလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ပြင်းထန်တဲ့ကစားသမား မတွေ့ဖူးဘူးဆိုတာပါပဲ။ ဒါက တကယ့်အမှန်ပါပဲ။ စီရော်နယ်လ်ဒိုဟာ ဘောလုံးကစားရာမှာပဲဖြစ်ဖြစ်၊ ဘောလုံးလေ့ကျင့်ရာမှာပဲဖြစ်ဖြစ် ပြိုင်ဘက်အပေါ်အမြဲအသာရနေဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိ သရွေ့ကြိုးစားတတ်သူပါ။ ပြိုင်ဘက်ကစားသမားတစ်ဦးကိုလှည့်စားပြီး ဘောလုံးနဲ့အတူဖြတ်ကျော်နိုင်ခဲ့ရင် သူ့ကိုယ်သူအလွန်သဘောကျနေလေ့ရှိပါတယ်။ မန်ယူအသင်းလေ့ကျင့်ရေးကွင်းမှာလည်း အသင်းဖော်တွေကို သူကျော်ဖြတ်ပြမယ်လို့အမြဲစိန်ခေါ်တတ်ပြီး အောင်မြင်သွားရင် " ကျွန်တော်က အကောင်းဆုံးကစားသမားဆိုတာ တွေ့ ပြီမဟုတ်လား "လို့ အားရဝမ်းသာပြောတတ်ကြောင်း မန်ယူနောက်ခံလူဟောင်းဖော်ကျွန်းက ပြန်ပြောပြခဲ့ပါတယ်။ ဒါ့အပြင် စီရော်နယ်လ်ဒိုဟာ သူများဘာလုပ်သလဲအမြဲလိုက် ကြည့်နေတတ်ပြီး သူလည်းလုပ်နိုင်အောင် အမြဲအတုခိုးတတ်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့စကားနဲ့ပြောရရင် " ဘောလုံးအိုင်ဒီယာစောရ "လို့ ပြောရမလိုပါပဲ။ ဘောလုံးကွင်းထဲမှာဖြစ်ဖြစ်၊ ရုပ်မြင်သံကြားမှာဖြစ်ဖြစ်၊ You- Tube မှာဖြစ်ဖြစ်တခြားသူတွေပြုလုပ်တဲ့ ဘောလုံးလှည့်စားမှုတွေကို လိုက်မှတ်သားပြီး သူလည်းလုပ်တတ်အောင် အမြဲလေ့ကျင့်နေတတ်ပါတယ်။ တစ်ခါတစ်ရံ မရမကလေ့ကျင့်နေရင်း နာရီပေါင်းများစွာအချိန်ကုန် ဆုံးနေတတ်ပါတယ်။ ဇွဲနဘဲကြီးတဲ့ စီရော်နယ်လ်ဒိုဟာ သူလိုချင်တဲ့အတိုင်း ပြီးပြည့်စုံပြီလို့ယူဆမှသာ သူ့ရဲ့လေ့ကျင့်မှုကို ရပ်ဆိုင်းလေ့ရှိပါတယ်။

■ ကွင်းထဲကတစ်ကိုယ်တော်ပြဿနာ
မန်ယူအသင်းမှာ စီရော်နယ်လ်ဒိုရဲ့ အရေးအကြီးဆုံးပြဿနာတစ်ခုကတော့ ဘောလုံးကစားရာမှာ ရလဒ်ထက် သူခြေစွမ်းပြနိုင်ဖို့ကို ပိုပြီးဦးစားပေးတဲ့အချက်ပါပဲ။ မန်ယူလိုအသင်းမျိုးဟာ အသင်းလိုက်စုစည်းမှုကိုဦးစားပေးပြီး အကောင်းဆုံးရလဒ်ရရှိဖို့သာ အမြဲအားထုတ်ရတဲ့ အသင်းတစ်သင်းပါ။ ဝ-၀ ဂိုးရလဒ်ဖြစ်စေ၊ ၁-၀ ဖြစ်စေ၊ ၂-၀ ဖြစ်စေ၊ ၃-၀ ဖြစ်စေ၊ ၄-၀ ဖြစ်စေ၊ ၅-၀ ဖြစ်စေ ဘယ်လိုရလဒ်ထွက်နေနေ ကိုယ့်ရဲ့တစ်ကိုယ်တော်စွမ်းရည်ကို ပြသဖို့ထက် အကောင်းဆုံးရလဒ်ရဖို့ကိုသာ ပွဲပြီးခရာမှုတ်တဲ့အထိ ဦးတည်ကြိုးပမ်းရတာပါ။ ဒီလိုအသင်းမျိုးမှာ စီရော်နယ်လ်ဒိုရဲ့ အတ္တယိမ်းတဲ့ခံယူချက်က ကသောင်းကနင်းဖြစ်စေပါတယ်။ " ကျွန်တော်တို့ ၄-၀ ဂိုးနဲ့နိုင်နေတဲ့ပွဲတစ်ပွဲမှာ စီရော်နယ်လ်ဒိုဟာ ဂိုးထပ်ရဖို့ထက် သူ့ရဲ့တစ်ကိုယ်တော်အစွမ်းပြသနိုင်ဖို့ကိုသာ ပိုပြီးကြိုးစားခဲ့ပါတယ်။ ကျွန်တော်က မင်းဒီလိုလုပ်လို့မရဘူးဆိုတာနဲ့ ၅-၀ ဂိုးဖြစ်အောင်ကစားဖို့ သူ့ကိုတိုက်တွန်းခဲ့ရပါတယ် " လို့ ဂယ်ရီနဗီးလ်က ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒါဟာ ဘရိုင်ယန်ရော့ဘ်ဆင်၊ စတိဗ်ဘရုစ်၊ ပယ်လစ္စတာ အစရှိတဲ့ ကစားသမားကြီးတွေက အစဉ်အဆက်ပေးခဲ့တဲ့ မန်ယူအသင်းရဲ့ စိတ်ဓာတ်အမွေလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ကွင်းထဲမှာ စီရော်နယ်လ်ဒိုရဲ့ ဘောလုံးစွမ်းရည်ပြသချင်တဲ့စိတ်က လွယ်လွယ်နဲ့ပျောက်ကွယ်မသွားဘဲ ပြိုင်ဘက်တွေကိုမလိုအပ်ဘဲ လှည့်စားချင်တဲ့ စိတ်ကများနေပါတယ်။ ကိုယ့်ရဲ့အသင်းဖော်ဆီကို ဘောလုံးပေးရမယ့်အချိန်မှာ မပေးဘဲ သူ့ရဲ့တစ်ကိုယ်တော်အစွမ်းနဲ့ ပြိုင်ဘက်ကိုဖြတ်ကျော်ချင်တဲ့ စိတ်ကများနေလို့ သူ့ဆီဘောလုံးရောက်ရင် ဘောလုံးဆုံးရှုံးမှုက တဖြည်းဖြည်းများလာပါတယ်။ ရီယိုဖာဒီနန်၊ ဂယ်ရီနဗီးလ်အစရှိတဲ့ စီနီယာကစားသမားတွေက သူ့ကိုနောက်ကနေ အမြဲသတိပေးနေရပါတယ်။ ဒါပေမဲ့ ပေါ်တူဂီမှာ ကလပ်အသင်းတိုင်းက ဖူးဖူးမှုတ်ဦးစားပေးတာခံခဲ့ရပြီး ကိုယ်ကစားချင်သလို စိတ်ကြိုက်ကစားခွင့်ရခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့အကျင့်ဆိုးက မန်ယူအသင်းမှာ ချက်ချင်းပြင်ဖို့ခက်ခဲခဲ့ပါတယ်။ မန်ယူအသင်းရဲ့ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပေါ်တူဂီကလပ် ပေါ်တိုအသင်းနဲ့ ပေါ်တူဂီမြေမှာ အဝေးကွင်းသွားကစားရတဲ့ပွဲဟာ သူ့အတွက်အဆိုးဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ကိုယ့်ရဲ့နိုင်ငံကို ပရီးမီးယားလိဂ်ကစားသမားတစ်ဦးအဖြစ် ပြန်လည်သွားရောက်ကစားရတဲ့ပွဲမှာ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီပရိသတ်ကို သူ့ရဲ့အစွမ်းအစပြသချင်စိတ်က ကြီးစိုးနေပါတယ်။ သူ့အနေနဲ့ပရီးမီးယားလိဂ်အသင်းကြီးဖြစ်တဲ့ မန်ယူအသင်းမှာ နေရာတစ်နေရာနဲ့ထိုက်တန်ကြောင်း၊ ပရီးမီးယားလိဂ်ကစားသမားတစ်ဦး ဘာကြောင့်ဖြစ်ခဲ့ရကြောင်း သက်သေပြချင်စိတ်များပြားနေလို့ သူ့ဆီဘောလုံးရောက်ရင် အသင်းရဲ့ကစားကွက်က ပျက်ပျက်သွားပါတယ်။ ပေါ်တိုကစားသမားတွေက သူ့ကိုအာရုံထားဖျက်ထုတ်နေချိန်မှာ သူကအသင်းဖော်တွေကို ဘောလုံးမပေးဘဲ သူ့ရဲ့ခြေစွမ်းကိုသာ ပိုမိုအားကိုးနေတာကြောင့် သူကိုယ်တိုင်လည်း ကောင်းကောင်းမကစားနိုင်ဘဲ မန်ယူအသင်းဟာ အခွင့်အရေးများ စွာဆုံးရှုံးခဲ့ပါတယ်။ အဲဒီပွဲမှာ မန်ယူအသင်းဟာ(၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပွဲအပြီးမှာတော့ နည်းပြဖာဂူဆန်ရဲ့ အမျက်ဒေါသကို ခံခဲ့ရပါတယ်။ " မင်းကိုယ်မင်းဘာထင်နေသလဲ။ မင်းတစ်ယောက်တည်းပဲကစားချင်နေတာလား။ မင်းဒီလို ပုံစံမျိုးနဲ့တော့ ဘယ်တော့မှကစားသမားကောင်း တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး "လို့ ဖာဂူဆန်က ပြင်းပြင်းထန်ထန်ပြောကြားပြီး သူ့ကို ဆူပူခဲ့ပါတယ်။ ဖာဂူဆန်ရဲ့ဆူပူမှုအပြီး ထုံးစံအတိုင်း သူ့ရဲ့ပါးပြင်ပေါ် တသွင်သွင်စီးကျလာတာကတော့ မျက်ရည်တွေပါပဲ။ အဝတ်လဲခန်းထဲမှာ ငိုလို့ ယိုလို့ မပြီးနိုင်ဖြစ်နေတဲ့ စီရော်နယ်လ်ဒိုကို စီနီယာကစားသမားတွေက စနောက်လှောင်ပြောင်ကြရာမှာ သူက ဒေါသတကြီးပြန်လည် အော်ဟစ်တုံ့ပြန်ခဲ့တာကြောင့် မခံချင်သူတို့ရဲ့ထုံးစံအတိုင်း စနောက်မှုကိုပိုပြီးခံခဲ့ရပါတယ်။ စီရော်နယ်လ်ဒိုအတွက် ကောင်းတဲ့အချက်တစ်ချက်ကတော့ ဒီလိုဆူပူခံရပြီးနောက်မှာ နည်းပြဖြစ်သူကို စိတ်ဆိုးဖို့ဆိုတာထက် အသင်းရဲ့လေ့ကျင့်မှုတွေမှာ ပိုမိုအာရုံစိုက် အပြင်းအထန်လေ့ကျင့်ပြီး တုံ့ပြန်ခဲ့တာပါပဲ။

■ ဖာဂူဆန်-စီရော်နယ်လ်ဒိုဆက်ဆံရေး
သူ့ရဲ့ပြင်းထန်တဲ့ စိတ်ဓာတ်အင်အားကိုသိတဲ့ ဖာဂူဆန်ဟာ စီရော်နယ်လ်ဒိုကို ချော့တစ်ခါခြောက်တစ်လှည့်နဲ့ သူလိုချင်တဲ့ပုံစံအတိုင်းရောက်အောင် ပုံသွင်းနိုင်ခဲ့ပါတယ်။ မန်ယူအသင်းမှာ တဖြည်းဖြည်းအချိန်တွေကြာလာတာနဲ့အမျှ ဖာဂူဆန်နဲ့ စီရော်နယ်လ်ဒိုရဲ့ဆက်ဆံရေးဟာလည်း ပိုပြီးအကျွမ်းတဝင်ဖြစ်လာခဲ့ပါတယ်။ မန်ယူအသင်းမှာ ကစားသမားတွေနဲ့ လက်ပွန်းတတီးနေခဲ့ရသူ အသင်းရဲ့ဝတ်စုံတာဝန်ခံတစ်ဦးဖြစ်တဲ့ အဲလစ်ဝီလီက ဖာဂူဆန်ဟာ စီရော်နယ်လ်ဒိုအပေါ် အလွန်ရင်းနှီးတဲ့ဆက်ဆံမှုရှိခဲ့ပြီး သူ့လိုဆက်ဆံခံရသူမျိုး မန်ယူအသင်းမှာမရှိဘူးလို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ မန်ယူအသင်းကို စီရော်နယ်လ်ဒို စတင်ရောက်ရှိလာတဲ့ ၂၀၀၃၊ နွေရာသီမှာ ဖာဂူဆန်ရဲ့လက်ထောက်နည်းပြဖြစ်သူ ပေါ်တူဂီလူမျိုးနည်းပြကွီရော့ဇ်ဟာ စပိန်အသင်းကြီးဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ရီးယဲလ်မှာ သူမအောင်မြင်ခဲ့တာကြောင့် တစ်ရာသီသာကိုင်တွယ်ခဲ့ရပြီး ၂၀၀၄ နွေရာသီမှာ မန်ယူအသင်းကို ပြန်လည်ရောက်ရှိလာပါတယ်။ အစကတည်းက ကွီရော့ဇ်ဟာ စီရော်နယ်လ်ဒို မန်ယူရောက်လာစေဖို့ ဖာဂူဆန်ကိုတိုက်တွန်းခဲ့သူတစ်ဦးဖြစ်သလို၊ ပေါ်တူဂီလူမျိုးချင်းလည်းဖြစ်တာကြောင့် အသင်းမှာ စီရော်နယ်လ်ဒိုအနေနဲ့ တခြားကစားသမားတွေထက် ပိုအရေးပေးဆက်ဆံခံရသလို ဖြစ်လာပါတယ်။ ဒါက တခြားမန်ယူကစားသမားတွေအတွက် ပြဿနာကြီးကြီးမားမားမရှိပေမယ့် အသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်သူ နစ္စတယ်ရွိုင်းအတွက်ကတော့ အလိုမကျစရာတွေဖြစ်ခဲ့ပါတယ်။

မန်ယူအသင်းရဲ့တောင်ပံမှာ ဘက်ခမ်ရှိစဉ်တုန်းက ဘက်ခမ်ရဲ့ထောင့်ဖြတ်ဘောတွေကနေ ဂိုးတွေမကြာခဏသွင်းယူနိုင်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ စီရော်နယ်လ်ဒိုရောက်ရှိလာချိန်ကစပြီး သူ့ရဲ့ဂိုးသွင်းနှုန်းက ကျဆင်းလာပါတယ်။ စီရော်နယ်လ်ဒိုရောက်လာတဲ့ ၂၀၀၃-၀၄ဘောလုံးရာသီမှာ နစ္စတယ်ရွိုင်းဟာ ပရီးမီးယားလိဂ်ဂိုး(၂၀)အပါအဝင် ပြိုင်ပွဲစုံ ဂိုး(၃၀)သာရရှိခဲ့ပြီး၊ ဘက်ခမ်ရှိခဲ့စဉ် သူ့ရဲ့မန်ယူကစားသမားဘ၀ ပထမဆုံးရာသီထက် (၆) ဂိုး၊ ဒုတိယရာသီထက် (၁၄)ဂိုး လျော့နည်းခဲ့ပါတယ်။

တောင်ပံက စီရော်နယ်လ်ဒိုရဲ့ ဘောလုံးပေးပို့မှုတွေဟာ သူ့အတွက်အသုံးမဝင်ဘဲ သူ့အနေနဲ့ တိုက်စစ်မှာကစားရတာ အတော်ခက်ခဲလာတယ်လို့ မန်ယူနည်းပြအဖွဲ့ထံ နစ္စတယ်ရွိုင်းက စောဒကတက်ခဲ့ပါတယ်။ " သူရှိနေရင် ကျွန်တော်မကစားနိုင်တော့ဘူး။ သူဟာ ကျွန်တော့်ကို ဖြတ်တင်ဘောတွေလည်းမပေးဘူး။ သူ့ရဲ့ပေးပို့မှုတွေကို ကျွန်တော်ပြေးမလိုက်နိုင်တော့ဘူး " လို့ နစ္စတယ်ရွိုင်းက စောဒကတက်ခဲ့တာပါ။ " ရုဒ်(နစ္စတယ် ရွိုင်း)ဟာ ဒေးဗစ်(ဘက်ခမ်)ရဲ့ ဘောလုံးပေးပို့မှုတွေနဲ့ အမြဲအသားကျနေပြီး ဒေးဗစ်ရဲ့ဖြတ်တင်ဘောတွေကနေ ဂိုးတွေများစွာရရှိခဲ့ပါတယ်။ နောက်ပြီး ဒေးဗစ်က စီရော်နယ်လ်ဒိုလို နောက်တန်းကစားသမားတွေကိုလှည့်စားပြီး ဘောလုံးနဲ့အတူကျော်ဖြတ်ဖို့ အမြဲကြိုးစားနေသူတစ်ဦးမဟုတ်ဘဲ ဖြတ်တင်ဘော အားသန်သူပါ။ စီရော်နယ်လ်ဒိုကတော့ သူ့ရဲ့ဘောလုံးလှည့်စားမှုတွေကို အမြဲပြချင်နေသူပါ "လို့ မန်ယူဂိုးသမားဟောင်း ဗန်ဒါးဆားက ပြောပြခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ တောင်ပံကစားသမားတစ်ဦးဆိုပေမယ့် တိုက်စစ်မှူးတစ်ဦးလို စိတ်ထားရှိသူဖြစ်ပြီး သူကိုယ်တိုင်ဂိုးသွင်းနိုင်ဖို့ အမြဲဆာလောင်စိတ်ရှိသူပါ။ ဒါဟာ သူ့ဆီကပံ့ပိုးမှုကို မျှော်လင့်နေတဲ့ နစ္စတယ်ရွိုင်းတို့လို တိုက်စစ်မှူးတွေအတွက် အခက်တွေ့စေပါတယ်။

နောက်ပိုင်းမှာတော့ နစ္စတယ်ရွိုင်းနဲ့ စီရော်နယ်လ်ဒိုရဲ့အားပြိုင်မှုမှာ နည်းပြဖာဂူဆန်ဟာ စီရော်နယ်လ်ဒိုဘက်က ရပ်တည်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ နစ္စတယ်ရွိုင်းအနေနဲ့ မန်ယူအသင်းမှာ နေရာပျောက်ဆုံးလာပြီး ၂၀၀၅-၀၆ရာသီ အကုန်မှာတော့ အသင်းနဲ့လမ်းခွဲတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ဖာဂူဆန်-စီရော်နယ်လ်ဒို၊ ကွီရော့ဇ်-စီရော်နယ်လ်ဒို ဆက်ဆံရေးအပေါ် မကျေမချမ်းဖြစ်နေတဲ့ နစ္စတယ်ရွိုင်းဟာ အသင်းကမထွက်ခင် ကွီရော့ဇ်နဲ့ စီရော်နယ်လ်ဒိုတို့ကို သားအဖတွေလို့ နောက်ကွယ်မှာပြောခဲ့ရုံမက စီရော်နယ်လ်ဒိုကို ထိပ်တိုက်ရင်ဆိုင်ပြီး " မင်း ငါ့ကိုမကျေနပ်ရင် မင်း အဖေ(ကွီရော့ဇ်ကိုဆိုလိုသည်)ဆီ သွားတိုင် "ဆိုပြီး တည့်တည့်ပြောခဲ့ဖူးပါတယ်။ တကယ်တော့ ဖာဂူဆန်နဲ့ စီရော်နယ်လ်ဒိုကြားမှာလည်း တဖြည်းဖြည်းနဲ့ သားအဖလို ဆက်ဆံရေးမျိုးရှိလာခဲ့တယ်ဆိုတာ မန်ယူအသင်းမှာရှိတဲ့သူတွေအားလုံး သဘောပေါက်ကြပါတယ်။ စီရော်နယ်လ်ဒိုကိုယ်တိုင်က " ဖာဂူဆန်ဟာ ကျွန်တော့်အတွက် အလွန်အရေးပါတဲ့သူဖြစ်ပြီး ကျွန်တော် အခုလိုဘဝမျိုး ရောက်လာဖို့ နှစ်မျိုးနှစ်စား ကူညီပေးခဲ့သူပါ။ သူဟာ နည်းပြတစ်ဦးအနေနဲ့ ကျွန်တော်သိသင့်သိထိုက်တာတွေ အားလုံးကို သင်ကြားပေးခဲ့သလို၊ ကျွန်တော့်ရဲ့ဘောလုံးသမားဘဝတိုးတက်မှုရှိလာအောင်လည်း ပြုလုပ်ပေးခဲ့ပါတယ်။ သူ့ရဲ့အကြံ ဉာဏ်တွေ၊ သင်ကြားပြသမှုတွေက ကျွန်တော့်ကို လူကောင်းတစ်ဦးအဖြစ်ကို ရောက်ရှိစေခဲ့ပါတယ်။ နောက်ပြီး သူဟာ ကျွန်တော့်ရဲ့ ဒုတိယဖခင်လို့ ပြောရမှာပါ။ သူ့ကို ကျွန်တော်နည်းပြတစ်ဦးအဖြစ်သာ လေးစားမှုရှိရုံမကပါဘူး။ သားတစ်ဦးက ဖခင်တစ်ဦးကို ချစ်ခင်မြတ်နိုးနှစ်သက်သလိုမျိုး ခံစားရပါတယ် "လို့ ပြောခဲ့ဖူးပါတယ်။

■ စီရော်နယ်လ်ဒိုနှင့် အဖေများ
စီရော်နယ်လ်ဒိုရဲ့ဘဝမှာ ဖခင်တစ်ဦးလို သူ့အပေါ်ကောင်းခဲ့သူက ဖာဂူဆန်တစ်ဦးတည်းတော့ မဟုတ်ပါဘူး။ စပို့တင်းလစ္စဘွန်းအသင်းကိုမရောက်ခင် မာဒဲရားကျွန်းမှာကတည်းက အန်ဒိုရင်ဟာအသင်းခေါင်းဆောင်ဆော်ဆာဟာ သူ့ရဲ့ ဦးလေးအရင်းတစ်ဦးလို၊ ဖခင်တစ်ဦးလို သူ့အပေါ် အရာရာကောင်းခဲ့ပြီး သူ့ရဲ့အောင်မြင်တဲ့ဘောလုံးသမားဘဝအတွက် မျိုးစေ့ချပေးခဲ့သူလို့ဆိုရမှာပါ။ စပို့တင်းလစ္စဘွန်းအသင်းကိုရောက်တော့လည်း ဘောလုံးကင်းထောက်ချုပ် အော်ရယ်လီယိုပါရဲရားဟာ သူ့အပေါ်အစစအရာရာကောင်းခဲ့ပြီး သူ့ရဲ့လူငယ်ဘောလုံးသမားဘဝလှပစေဖို့ ဖခင်တစ်ဦးလိုဘေးကနေထိန်းကျောင်းပေးခဲ့သူပါ။ အဲဒီနောက် သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမား ဘဝစတင်လာတော့လည်း နာမည်ကြီးအေးဂျင့် ဂျော့ချ်မန်ဒက်စ်က သူ့ဘေးမှာအမြဲရှိခဲ့ပြီး သူ့ရဲ့အောင်မြင်တဲ့ကစားသမားဘဝအတွက် မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ပေးခဲ့သူပါ။ ဆော်ဆာ၊ အော်ရယ်လီယို၊ ဂျော့ချ် မန်ဒက်စ်၊ ဖာဂူဆန်တို့ဟာ စီရော်နယ်လ်ဒိုဆိုတဲ့ လူငယ်လေးတစ်ဦးကို ညီငယ်တစ်ဦး၊ သားငယ်တစ်ဦးလိုခံစားချက်တွေနဲ့ အစ်ကိုရင်း၊ အဖရင်းတွေလို ဘေးကနေ ဖေးမပေးခဲ့ကြသူတွေပါ။

ဒါပေမဲ့ ဖခင်ရင်းဖြစ်သူ ဒင်းနစ်အေဗဲရိုးကတော့ သူ့ရဲ့သားနံဘေးမှာရှိမနေဘဲ ဖန်ချယ်လ်မြို့က ဘားဆိုင်လေးထဲမှာ သားဖြစ်သူပုံပါတဲ့သတင်းစာတွေကို ကတ်ကြေးနဲ့ညှပ်၊ ဒီဖြတ်ပိုင်းစာရွက်လေးတွေကို သောက်ဖော်သောက်ဖက် သူငယ်ချင်းတွေကို ကြွားဝါရင်း သားဖြစ်သူရဲ့ အဝေးတစ်နေရာမှာ ဂုဏ်ယူစွာနဲ့ ရှိနေခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ မူလက မန်ချက်စတာမြို့မှာ ဟိုတယ်အခန်းငှားနေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့မိသားစုတွေပါလာရောက်နေထိုင်လို့ရအောင် အိမ်တစ်လုံးဝယ်ယူခဲ့ပါတယ်။ ဒီအိမ်လေးမှာ သူ့ရဲ့မိခင်ဖြစ်သူ ဒိုလိုရက်စ်နဲ့ အစ်ကို၊ အစ်မတွေ လာရောက်နေထိုင်လေ့ရှိပေမယ့် ဖခင်ဖြစ်သူ ဒင်းနစ်အေဗဲရိုးကတော့ အလည်အပတ်လာလည်း သိပ်ကြာကြာမခံဘဲ ရက်ပိုင်းမျှသာနေကာ သူချစ်တဲ့မာဒဲရား ကျွန်းကိုပြန်ပြေးလေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စီရော်နယ်လ်ဒိုရဲ့ဘဝမှာ ဖခင်ဖြစ်သူဆီက အထောက်အပံ့ကြီးကြီးမားမားမရခဲ့ပေမယ့် ဖခင်ရဲ့အဝေးက မေတ္တာတရားကိုရရှိခဲ့သလို၊ ဖခင်ဖြစ်သူကလည်း သားဖြစ်သူအတွက် အဝေးတစ်နေရာကနေ ကျေနပ်ပီတိကို မြိန်မြိန်ယှက်ယှက်စားသုံးနေခဲ့တယ်လို့ ဆိုရမှာပါ ... ။
ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent