မိုက်ကယ်အိုလီဗာ၊ ဘူဖွန်နဲ့ အငြင်းပွားစရာဖြစ်ရပ်အပေါ် အမြင်များ

မိုက်ကယ်အိုလီဗာ၊ ဘူဖွန်နဲ့ အငြင်းပွားစရာဖြစ်ရပ်အပေါ် အမြင်များ
Published 13 April 2018

ဘူဖွန်ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ကိုယ်ချင်းစာပေးလို့ရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ကွင်းမှာအံ့အားသင့်စရာစွမ်းဆောင်ရည်နဲ့ (၃)ဂိုးသွင်းပြီးတော့မှ နောက်ဆုံးမိနစ်မှာ ပယ်နယ်တီပေးခံလိုက်ရလို့ပါ။ ဂျူဗင်တပ်စ်ကစားသမားတွေဟာ ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗာကို ဝိုင်းပြီးစောဒကတက်ခဲ့ကြပါတယ်။ ဒီအထဲမှာ ဘူဖွန်က စောဒကတက်ဖို့ တော်တော်လေးပြင်းထန်ပါတယ်။ နောက်ဆုံးတော့ သူအနီကတ်အပြခံလိုက်ရပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မိုက်ကယ်အိုလီဗာအပေါ်အမြင်တွေ၊ ဂျာနယ်လစ်တွေရဲ့သုံးသပ်ချက်တွေ၊ စီရော်နယ်လ်ဒိုရဲ့ ပြောစကား၊ ဘူဖွန်ရဲ့ တုန့်ပြန်မှုနဲ့ အဲ့ဒီအချိန်က ဖြစ်ရပ်တွေကို ပြန်လည်စုစည်းဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဒိုင်လူကြီးလို အသိအမှတ်အပြုခံထားရတဲ့ မိုက်ကယ်အိုလီဗာဟာ ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ ကစားခဲ့တဲ့ပွဲမှာ အလွန်ကြီးမားတဲ့ ဆုံးဖြတ်ချက်နှစ်ခုကို ချမှတ်ခဲ့ပါတယ်။ ပထမတစ်ခုက မိုက်ကယ်အိုလီဗာဟာ ပထမအကျော့အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးထားတဲ့ ဂျူဗင်တပ်စ်အသင်း အဝေးကွင်းမှာ ဒီဂိုးအရေအတွက်အတိုင်းပြန်သွင်းခဲ့ပြီး အချိန်ပိုကစားခွင့်ရလုရခင်အခြေအနေမှာ ရီးယဲလ်မက်ဒရစ်အသင်းကို ပယ်နယ်တီကန်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။ ဒုတိယဆုံးဖြတ်ချက်ကတော့ အပြင်းအထန်စောဒကတက်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ဂိုးသမား ဘူဖွန်ကိုအနီကတ်ပြထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုက ဒီပယ်နယ်တီကို မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ဆိုခဲ့ပြီး UEFA ကတော့ မိုက်ကယ်အိုလီဗာရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အရေးယူမှုတစ်စုံတရာမရှိတာကြောင့် မှန်ကန်တယ်လို့ ယူဆဟန်ပေါ်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေရဲ့အမြင်မှာ မိုက်ကယ်အိုလီဗာကို ဝေဖန်တဲ့ အကြောင်းအရာတွေက ဖုံးလွှမ်းနေပြီး ဆိုရှယ်မီဒီယာတွေမှာလည်း သူ့ကို ဝိုင်းပြီးဝေဖန်နေကြတာကိုတွေ့ရပါတယ်။

ဘာတွေဖြစ်ခဲ့သလဲ?
--------------------------
အဲ့ဒီနေ့က ပထမအကျော့မှာ (၃)ဂိုးပြတ်ရှုံးထားတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဆန်တီယာဂိုဘာနေဗျူးကွင်းမှာ (ဝ-၃)ဂိုးနဲ့ ပြန်နိုင်နေပါတယ်။ အချိန်ပိုသာ ဆက်ကစားခွင့်ရမယ်ဆိုရင် ဂျူဗင်တပ်စ်အသင်းမှာ အဝေးဂိုးအားသာချက်ရှိနေပြီး ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဆီမီးဖိုင်နယ်ကိုတက်သွားနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်လည်းရှိနေပါတယ်။ ဒါပေမဲ့ နာကျင်အချိန်ပိုရဲ့ တတိယမိနစ်မှာ ဂျူဗင်တပ်စ်နောက်ခံလူ ဘီနာတီယာဟာ အပိုင်အခွင့်အရေးရတော့မယ့် ဗက်ဇ်ကွက်ဇ်ရဲ့ကျောကိုနောက်ကနေ လက်နဲ့ ဖိတွန်းပြီး ဘောလုံးကို ဖျက်ထုတ်ခဲ့ပါတယ်။ ဗက်ဇ်ကွက်ဇ်ဟာ ဟန်ချက်ပျက်ပြီး ဘောလုံးကို ရင်ဘတ်နဲ့ တိုက်မိကာ လဲကျသွားခဲ့ပြီး ဒီဘောလုံးကို ဘူဖွန်က အလွယ်တကူ ဖမ်းယူလိုက်ပါတယ်။ ဒီအချိန်မှာပဲ မိုက်ကယ်အိုလီဗာက ပယ်နယ်တီအမှတ်အသားကို ညွှန်ပြပြီး ဒါဟာ ပယ်နယ်တီပေးရမယ့် ပြစ်ဒဏ်အဖြစ်ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဂျူဗင်တပ်စ်အသင်းကစားသမားတွေကို ဝိုင်းအုံစောဒကတက်ခဲ့ကြပြီး ဒီအထဲမှာ ဘူဖွန်လည်း ပါဝင်ခဲ့ပါတယ်။ ဘူဖွန်ဟာ အံ့အားသင့်စရာကစားသမားဘဝကို တည်ဆောက်ခဲ့တဲ့ လူကြီးလူကောင်းဆန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီဟာ သူ့ရဲ့နောက်ဆုံး ရာသီပါ။ သူ့ရဲ့စောဒကတက်ပုံက အပြင်းထန်ဆုံးဖြစ်ပြီး ဒါကို ရုပ်သံကပြတဲ့ပြကွက်တွေမှာတော့ scene changes တွေကြောင့် ပရိသတ်တွေအနေနဲ့ အပြည့်အစုံ မြင်ရမှာတော့မဟုတ်ပါဘူး။ နောက်ဆုံးတော့ မိုက်ကယ်အိုလီဗာက ဘူဖွန်ကိုအနီကတ်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီပယ်နယ်တီကို စီရော်နယ်လ်ဒိုက လူစားဝင်လာတဲ့ အရန်ဂိုးသမား ဆဇက်စနီကို အနိုင်ယူပြီး ဝင်အောင်ကန်သွင်းနိုင်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းကလည်း နှစ်ကျော့ပေါင်း ရလဒ် (၄-၃)ဂိုးနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ဘူဖွန်ရဲ့ တုန့်ပြန်မှု
------------------------
ဂျူဗင်တပ်စ်အသင်းသားတွေ ဒီပယ်နယ်တီအတွက် ဒေါသပေါက်ကွဲခဲ့တာကိုတော့ အားလုံးနားလည်ပေးနိုင်ကြပါတယ်။ ပြီးတော့ သူတို့က ဒါဟာ ပယ်နယ်တီဆိုတာကို လက်မခံနိုင်ပါဘူး။ ဗက်ဇ်ကွက်ဇ်ဟာ အလွယ်တကူလှဲချခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။ ဘူဖွန်ဟာ ကစားသမားဘဝမှာ အလွန်အောင်မြင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မှ မရခဲ့ဖူးပါဘူး။ ဒီနှစ်က သူ့အတွက်နောက်ဆုံးကြိုးပမ်းမှုဖြစ်ပြီး ရာသီကုန်ရင်အနားယူဖို့ ဆုံးဖြတ်ထားသူဖြစ်ပါတယ်။ အခုလိုဖြစ်ခဲ့တာတွေအတွက်သူက ပွဲအပြီးမှာ မိုက်ကယ်အိုလီဗာကို အလွန်ပုဂ္ဂိုလ်ရေးဆန်တဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ Italian TV နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ "ဒီဖြစ်ရပ်ကို ဒိုင်ကောင်းကောင်းမြင်နိုင်ပါတယ်။ ဒါဟာ သံသယဖြစ်ဖွယ်ကောင်းတဲ့ အနေအထားလည်းဖြစ်ပါတယ်။ လူဆိုတာ မယုံနိုင်စရာ ကောင်းတဲ့ အနေအထားနဲ့ ပြန်လာနိုင်ခဲ့တဲ့လူတွေရဲ့ မျှော်လင့်ချက်ကို မဖျက်ဆီးပစ်ရပါဘူး။ အသင်းတစ်သင်းရဲ့ အိပ်မက်တွေကို အဲ့ဒီလိုအလွယ်တကူ မဖျက်ဆီးပစ်ရပါဘူး။ သူ့ရင်ထဲမှာရှိနေတာ အသည်းနှလုံးထက် အမှိုက်ပုံးတစ်ခုပဲဖြစ်ပါလိမ့်မယ်။ လုံလောက်တဲ့ အနေအထားမရှိရင် သူဟာ ဒိုင်လုပ်နေမယ့်အစား သူ့ဇနီး၊ ကလေးတွေနဲ့အတူနေ၊ အချိုရည်လေးသောက်၊ မုန့်တွေထိုင်စားနေတာမျိုးပဲ လုပ်သင့်ပါတယ်။ ဖိအားတွေကို မှန်ကန်စွာမထိန်းကျောင်းနိုင်ရင်၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုမချရဲရင် အိမ်မှာထိုင်နေတာကပိုကောင်းပါတယ်'' လို့ ပြောခဲ့တယ်။ ဒါ့အပြင် စပိန် ရေဒီယိုကိုလည်း ''ခင်ဗျားဆိုရင် သူ့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်နှစ်ခုအတွက် လူသတ်သမားဖြစ်သွားနိုင်တယ်"လို့ပြောခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့ဂျူဗင်တပ်စ်အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးပြီး အခုရီးယဲလ်မက်ဒရစ်နည်းပြဖြစ်နေတဲ့ ဇီဒန်းကိုလည်း ခနဲ့ခဲ့ပါသေးတယ်။ "ကျွန်တော်လည်း ဇီဒန်းရဲ့နောက်ဆုံးပွဲလိုမျိုး တစ်ယောက်ယောက်ရဲ့ ရင်ဘတ်ကို ခေါင်းနဲ့ တိုက်ခဲ့သင့်တာ"လို့ ၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက မာတာရာဇီကို ခေါင်းနဲ့တိုက်ခဲ့တဲ့ ဇီဒန်းရဲ့လုပ်ရပ်နဲ့ ပြန်နှိုင်းယှဉ်ပြောခဲ့ပါတယ်။

အယ်လီဂရီရဲ့အမြင်
------------------------
ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက ကွင်းလယ်ဒိုင်တွေကို အခုလို စိတ်တိုင်းကျဆုံးဖြတ်ခွင့်ပေးထားလို့ ဒီလိုပြဿနာတွေပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ သူက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ VAR (ဗီဒီယိုဒိုင်စနစ်)ကို သုံးသင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။ VAR စနစ်ကို လက်ရှိ စီးရီးအေမှာ အသုံးပြုနေပြီး အငြင်းပွားစရာတွေရှိနေဆဲပါ။ အပြုသဘောထက် အပျက်သဘောဆောင်တဲ့ ဝေဖန်မှုတွေ၊ တုန့်ပြန်မှုတွေရှိနေခဲ့တာကိုလည်း တွေ့ရပါတယ်။

စီရော်နယ်လ်ဒိုရဲ့ ပြောစကား
----------------------------------
စီရော်နယ်လ်ဒိုကတော့ ဘူဖွန်နဲ့အလွန်ခြားနားတဲ့အမြင်၊ ဂျူဗင်တပ်စ်အသင်းနဲ့ ခြားနားတဲ့အမြင်ကို ပြောခဲ့ပါတယ်။ "သူတို့ဘာကြောင့် ဝိုင်းအုံစောဒကတက်ခဲ့တယ်ဆိုတာကို ကျွန်တော် နားမလည်နိုင်ပါဘူး။ လူးကပ်စ်ဟာ နောက်ကနေ ဖျက်ထုတ်တာကို ခံခဲ့ရတာဖြစ်ပြီး တကယ်လို့သာ ဒီလိုပြစ်ဒဏ်မကျူးလွန်ခံရဘူးဆိုရင် ဒါဟာ သေချာပေါက် ဝင်မယ့် ဂိုးတစ်ဂိုးပါ"လို့ ပြောပါတယ်။ စီရော်နယ်လ်ဒိုရဲ့ဒီအမြင်အပေါ်ကိုလည်း ပရိသတ်တွေက ဝေဖန်ကြပါတယ်။ ဒါဟာ အခြေအနေနဲ့အချိန်အခါကို မတွက်ဘဲ ကိုယ့်အသင်းပယ်နယ်တီရတာကြောင့် ပြောထွက်တဲ့စကားအဖြစ် ပရိသတ်တွေက ဝေဖန်ကြပါတယ်။

မိုက်ကယ်အိုလီဗာမှန်ခဲ့သလား
----------------------------------------
ဘီနာတီယာဟာ လူးကပ်စ်ဗက်ဇ်ကွက်ဇ်ကို နောက်ကနေ ဖိတွန်းပြီးမှ ဘောလုံးကို ခြေထောက်နဲ့ ထိခဲ့တာတော့အမှန်ပါပဲ။ ဗက်ဇ်ကွက်ဇ်ကို သူ့အနေနဲ့ ဥပဒေဘောင်ထဲကနေ တားဆီးနိုင်တဲ့နေရာမှာမရှိသလို၊ မတားဆီးခဲ့ရင်လည်း ဗက်ဇ်ကွက်အတွက် ဒါဟာ သေချာပေါက်အပိုင်အခွင့်အရေးတစ်ကြိမ်ရမှာပါ။ နာမည်ကြီး အင်္ဂလိပ်ဒိုင်လူကြီး ဂရေဟမ်ပူးလ်ကတော့ ''တော်တော်လေးတော့ ပြင်းထန်တာပဲ။ ဒါပေမဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ"လို့ ပယ်နယ်တီအပေါ် သုံးသပ်ခဲ့ပါတယ်။ ဂရေဟမ်ပူးလ်က ဆက်လက်ပြီး ဘူဖွန်ရဲ့အနီကတ်နဲ့ ပတ်သတ်လို့ "အိုလီဗာဟာ မှန်ကန်ပြီး ရဲရင့်တဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ။ ဂျူဗင်တပ်စ်ကစားသမားတွေဟာ ကျက်သရေမရှိတဲ့ လုပ်ရပ်မျိုးနဲ့ ဒိုင်ကိုဝိုင်းအုံစောဒကတက်ခဲ့ကြပါတယ်။ ဒီအုပ်စုကို ဘူဖွန်ကဦးဆောင်ခဲ့ပါတယ်။ အိုလီဗာဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဦးဆောင်သူဂိုးသမားရဲ့ အလွန်ပြင်းထန်တဲ့ စောဒကတက်မှုကို အနီကတ်ပြခဲ့ပါတယ်"လို့ဆိုပါတယ်။

နာမည်ကြီးဂျာနယ်လစ် ဒေးဗစ်ကွန်းရဲ့အမြင်
---------------------------------------------------
မျှတတဲ့အမြင်တွေနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ ဒေးဗစ်ကွန်းကတော့ "ဘူဖွန်ဖြစ်သွားတဲ့အပေါ် ကိုယ်ချင်းစာပါတယ်။ သူ့ကို ဝေဖန်လို့မရပါဘူး။ ဒါဟာ လူသားဆန်တဲ့ တုန့်ပြန်မှုပါပဲ။ ဒါပေမဲ့ မိုက်ကယ်အိုလီဗာဟာ တကယ်ကို ကြမ်းတမ်းတဲ့ စောဒကတက်မှုနဲ့ ရင်ဆိုင်ခဲ့ရတာကိုလည်း မေ့ထားလို့မရပါဘူး။ ဘောလုံးနဲ့ ပတ်သက်တဲ့အခြေအနေတိုင်းအတွက် ဂျူဗင်တပ်စ်အသင်းကို ကိုယ်ချင်းစာပါတယ်။ ဘူဖွန်ကိုလည်း နားလည်နိုင်ပါတယ်။ ဒါပေမဲ့သူမှားခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ကို ထိပ်တိုက်တွေ့ခဲ့လို့ ဒီ့မတိုင်ခင်တစ်ညကပဲ ဂွါဒီယိုလာဟာ ကွင်းထဲကအထုတ်ခံခဲ့ရပါသေးတယ်။ ဘောလုံးလောကရဲ့ icons တွေဟာ သူတို့ကိုစောင့်ကြည့်နေတဲ့၊ အတုယူနေတဲ့ကလေးတွေ၊ လူငယ်တွေအတွက် သတိပိုထားသင့်ပါတယ်"လို့ ဆိုခဲ့ပါတယ်။

အိုလီဗာရဲ့ ချန်ပီယံလိဂ်သမိုင်း
-------------------------------------
မိုက်ကယ်အိုလီဗာဟာ အခုမှ အသက်(၃၃)နှစ်ပဲရှိပါသေးတယ်။ ပရီးမီးယားလိဂ်မှာ ဒုတိယအသက်အငယ်ဆုံးကွင်းလယ်ဒိုင်ဖြစ်ပြီး သူ့ထက်အသက်ငယ်တာ အသက် (၃၂)နှစ်အရွယ် ဘော်ဘီမက်ဒ်လေးပဲရှိပါတယ်။ ဒါပေမဲ့ သူ့ကို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဒိုင်အဖြစ် သုံးသပ်နေကြသလို၊ UEFA ရဲ့ Elite group of officials စာရင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ စတင်ထည့်သွင်းခံရသူဖြစ်ပါတယ်။ သူ့ရဲ့ချန်ပီယံလိဂ်ပွဲတွေကို တာဝန်ယူခဲ့တဲ့အရေအတွက်ကလည်း အကန့်အသတ်ရှိပါတယ်။ သူဟာ ချန်ပီယံလိဂ်ပွဲစဉ် (၈)ပွဲကိုသာ တာဝန်ယူဖူးသေးပြီး၊ knockout stage match အနေနဲ့ ဘိုင်ယန်မြူးနစ်က ဘက်ဆစ်တက်စ်ကို အလွန်လွယ်ကူစွာ (၅-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ပွဲတစ်ပွဲကိုပဲ တာဝန်ယူခဲ့ဖူးပါသေးတယ်။ ဒါကြောင့် ကျဉ်းထဲကျပ်ထဲအခြေအနေ၊ မိုးထဲရေထဲအခြေအနေတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာ နည်းပါးပါသေးတယ်။ UEFA အနေနဲ့လည်း ပထမအကျော့ ဂျူဗင်တပ်စ်ကွင်းမှာ ရီးယဲလ်မက်ဒရစ်က (၃)ဂိုးပြတ်နိုင်ခဲ့တာကြောင့်၊ ဒုတိယအကျော့ပွဲစဉ်ကို တာဝန်ယူမှုဟာ သိပ်အခက်အခဲရှိမှာမဟုတ်ဘူးလို့ ယူဆခဲ့ပုံပေါ်ပါတယ်။ ဒါပေမဲ့ အလွန်အံ့အားသင့်ဖွယ်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး၊ နောက်ဆုံးမှာ အလွန်အငြင်းပွားဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

အရင်ကဖြစ်ခဲ့ဖူးတဲ့ အငြင်းပွားစရာများ
----------------------------------------------
အခြားဒိုင်လူကြီးတွေလိုပဲ သူ့ဆီမှာလည်း အငြင်းပွားစရာဖြစ်ရပ်တွေရှိခဲ့ဖူးပါတယ်။ သူ့ကို မန်ယူအသင်းဘက်ကို ဘက်လိုက်တတ်တဲ့ ဒိုင်အဖြစ် အခြားသောပရိသတ်တွေက ဝေဖန်ကြပေမယ့် သူဟာ မန်ယူအသင်းနစ်နာစေမယ့် ဆုံးဖြတ်ချက်တွေကြောင့် ပြဿနာဖြစ်ခဲ့တာတွေက ပိုများပါတယ်။ ၂၀၁၅ သြဂုတ်လတုန်းက မန်ယူနဲ့ အာဆင်နယ်တို့ ဆုံတွေ့ခဲ့တဲ့ FA ဖလားပွဲမှာ သူဟာ မန်ယူအသင်းရဲ့ အာဂျင်တီးနား ကစားသမား ဒီမာရီယာကို အနီကတ်ပြခဲ့ဖူးပါတယ်။ ပထမတစ်ဝါကို ဒိုင်ဗင်ထိုးတယ်လို့ယူဆပြီး ပြခဲ့ပြီးတဲ့နောက် ဒီဆုံးဖြတ်ချက်ကို စောဒကတက်ရာမှာ ဒီမာရီယာက သူ့အကျီၤကို ဆွဲခဲ့တယ်ဆိုပြီး ဒုတိယအဝါထပ်ပြကာ အနီကတ်ပြခဲ့တာပါ။ ဒီမာရီယာက သူ့ကို son of a b**** လို့ ပွဲအပြီးမှာ ဆဲခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်တစ်နှစ်လောက်က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ သူ့ကို ဂျိုးဟတ်ရဲ့စောဒကတက်ပုံက ပြင်းထန်လွန်းခဲ့ပြီး ခေါင်းချင်းဆိုင်ခဲ့တာကို အားလုံးမြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂျိုးဟတ်ကို သူအနီကတ်မပြခဲ့ပါဘူး။ အဲ့ဒီပွဲမှာပဲ သူဟာ စမောလင်းကို အနီကတ်ပြခဲ့ပြီး ဒီဆုံးဖြတ်ချက်တွေအတွက် အပြင်းအထန်ဝေဖန်ခံခဲ့ရဖူးပါတယ်။ မနှစ်က ချယ်လ်ဆီးကို မန်ယူရှုံးခဲ့တဲ့ FA ဖလားပွဲမှာတော့ ဟာရဲရားကို အဝါနှစ်ကတ်ဆက်တိုက်ပြပြီး အနီကတ်ပြခဲ့တဲ့အတွက် မန်ယူအသင်းနည်းပြ မော်ရင်ဟိုရဲ့ လှောင်ပြောင်ခြင်းကိုခံခဲ့ရပါတယ်။ မော်ရင်ဟိုက မဲ့တဲ့တဲ့ မျက်နှာပေးနဲ့ မျက်နှာပြောင်တဲ့အမူအယာကိုလုပ်ပြပြီး "တော်တော်အလားအလာကောင်းဦးမယ့်ကောင်"လို့ ပြောခဲ့ပါတယ်။

အင်္ဂလိပ်ဒိုင်များရဲ့ အနာဂတ်

UEFA က မိုက်ကယ်အိုလီဗာကို အရမ်းသဘောကျပါတယ်။ တကယ်တော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူမပါခဲ့ခြင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ UEFA's elite list ထဲကို သူစရောက်ခဲ့လို့ပါ။ ဒီအချိန်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပါဝင်မယ့် ဥရောပဒိုင်တွေကို ရွေးချယ်ပြီးချိန်ဖြစ်လို့ သူနောက်ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ UEFA ဟာ သူမဟုတ်တဲ့အခြား ဘယ်အင်္ဂလိပ်ဒိုင်ကိုမှ မရွေးခဲ့တာကတော့ အင်္ဂလိပ်ဒိုင်လူကြီးတွေအပေါ် အထင်သေးတဲ့အမြင်ကိုပဲ အခြေခံပါလိမ့်မယ်။ UEFA ဒိုင်ကော်မတီရဲ့ အကြီးအကဲက အီတလီနာမည်ကြီး ဒိုင်လူကြီးဟောင်း ကော်လီနာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားအတွက် သူဟာ သေချာပေါက်ရွေးခံရမယ့်သူအဖြစ် အားလုံးက ယူဆထားကြပါတယ်။ ဒါပေမဲ့ အခုဖြစ်ရပ်ကတော့ သူ့ကို သတိထားစရာဖြစ်သွားစေပြီး အနာဂတ်ပွဲစဉ်တွေမှာတော့ ပိုမိုသတိထားရတော့မှာဖြစ်ပါတယ်။

Most Read

Most Recent