မန်ယူအသင်းနှင့် စာချုပ်ဖျက်သိမ်း၍ မေဂျာလိဂ်ကလပ် LAဂလက်ဆီအသင်းသို့ ပြောင်းရွှေ့သွားသည့် ဝါရင့်ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် လစာကန့်သတ်ချက်စည်းမျဉ်းအရ တစ်နှစ်လစာ ဒေါ်လာ ၁ ဒသမ ၅ သန်းဝန်းကျင်သာရရှိမည်ဖြစ်ကြောင်း သိရသည်။
အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် အီဘရာဟီမိုဗစ်သည် ပြီးခဲ့သည့်ရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲကစား ၂၈ ဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ရာသီကုန်ခါနီး ဧပြီတွင်ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ကာလ ရှည် အနားယူခဲ့ရသည်။
၎င်းသည် ယခုရာသီတွင် မန်ယူအသင်းနှင့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ပွဲကစားခွင့်မရသဖြင့် မန်ယူအသင်းတာဝန်ရှိသူများနှင့် ညှိနှိုင်းပြီးနောက် မတ် ၂၂ ရက်တွင် နှစ်ဦးသဘောတူလမ်းခွဲကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
မန်ယူအသင်း ကြေညာချက်မထုတ်ပြန်ခင်ကတည်း က အမေရိကန်အခြေစိုက် The Los Angeles Times နှင့် Sports Illustrated သတင်းဌာနက အီဘရာဟီမိုဗစ်သည် LA ဂလက်ဆီအသင်းနှင့် စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ယခုလ အတွင်း စတင်ပွဲထွက်ကစားဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။
မေဂျာလိဂ်ပြိုင်ပွဲ၏ ဘက် ခမ်စည်းမျဉ်း (အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်ပြောင်းရွှေ့လာသော ၂၀၀၇ ခုနှစ်တွင် ပြဋ္ဌာန်းသည့် စည်းမျဉ်း) အရ ကလပ်အသင်းတစ်သင်းလျှင် လစာကန့် သတ်ချက် ကင်းလွတ်ခွင့်ရသည့်ကစားသမား သုံးဦးသာ စာချုပ်ချုပ်ဆိုခွင့်ရှိပြီး LA ဂလက်ဆီအသင်းသည် ယခုရာသီအတွက် ဂျီယိုဗန်နီ ဒေါ့စ်ဆန်းတို့စ်၊ ဂျိုနသန်ဒေါ့ဆန်းတို့စ်နှင့် အလက်ဆန်ဒရီနီတို့ကို စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။
သို့ဖြစ်ရာ ၎င်းအနေဖြင့် တစ်နှစ်လစာ ဒေါ်လာ ၁ ဒသမ ၅ သန်းသာရရှိနိုင်ကြောင်း Sports Illustrated က ဖော်ပြသည်။