ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခြောက်ဦးအတွက် လေးလအတွင်း စရိတ်ချီးမြှင့်ငွေ ကျပ်သန်း ၂၀ ကျော်ရှိပြီး နှစ်လအတွင်း မော်တော်ယာဉ် စက်ဆီဖိုး ငွေကျပ် တစ်သန်းကျော်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးပြောကြား

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခြောက်ဦးအတွက် လေးလအတွင်း စရိတ်ချီးမြှင့်ငွေ ကျပ်သန်း ၂၀ ကျော်ရှိပြီး နှစ်လအတွင်း မော်တော်ယာဉ် စက်ဆီဖိုး ငွေကျပ် တစ်သန်းကျော်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးပြောကြား
Published 8 August 2018

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခြောက်ဦးအတွက် လေးလအတွင်း စရိတ်ချီးမြှင့်ငွေ ကျပ်သန်း ၂၀ ကျော်ရှိပြီး နှစ်လအတွင်း မောတော်ယာဉ် စက်ဆီဖိုး ငွေကျပ် ၁ သန်းကျော်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက ပြောကြားသည်။

နေပြည်တော်၌ သြဂုတ် ၇ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ခြောက်လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသော နိုင်ငံ့ဝန်ထမ်း မဟုတ်တဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်။ အတွင်းရေးမှူးတို့အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ချီးမြှင့်ငွေနဲ့ စရိတ်များ အသုံးစရိတ်များကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရေး လိုအပ်သလို ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကို ညှိနှိုင်းဆောင်ရွက် ခဲ့ပါတယ်။ ထို့အပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ၂၀၁၈ ခုနှစ် ဇွန် ၂၂ ရက်နေ့မှာ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ခြောက်ဦးရဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၇  ရက်မှ ၂၀၁၈ ခုနှစ် မတ်လအထိ စရိတ်ချီးမြှင့်ငွေ ကျပ် ၂၀၀၅၄၆၆၆ နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လတို့အတွက် စက်ဆီဖိုး ငွေကျပ် ၁၃၃၈၀၀၀ တို့အတွက် ရန်ပုံငွေ လုံလောက်မှု ရှိတဲ့အတွက် နှစ်လွန်အသုံးစရိတ်အဖြစ် ကျခံသုံးစွဲခွင့်ရရှိရေး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာကို တင်ပြခွင့်ပြုချက် တောင်းခံခဲ့ရာ ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါတယ်” ဟု ဦသာဌေးက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့အတွက် ရုံးအဆောက်အအုံ သတ်မှတ်စီစဉ်ပေးပါရန်နှင့် ယင်းအဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်း မဟုတ်သော ပုဂ္ဂိုလ်များအတွက် အဆောင်အယောင် ချီးမြှင့်ငွေနှင့် အဆောင်အယောင် မော်တော်ယာဉ်များ သတ်မှတ်စီစဉ်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ဥက္ကဋ္ဌအတွက် လစဉ်ချီးမြှင့်ငွေ ကျပ်သိန်း ၂၀ နှင့် Wagon တစ်စီး၊ အဖွဲ့ဝင် ခြောက်ဦးအတွက် လစဉ်ချီးမြှင့်ငွေ ကျပ် ၁၀ သိန်းစီနှင့် Micro Bus နှစ်စီး၊ အဆောင်အယောင် မော်တော်ယာဉ်များအတွက် စက်သုံးဆီ၊ ချောဆီ၊ ယာဉ်မောင်း လစာများနှင့် ယာဉ်ပြင်ဆင်ခြင်းကိစ္စကို သက်ဆိုင်ရာ အဖွဲ့အစည်း၏ ဘဏ္ဍာငွေ အသုံးစရိတ်မှ ကျခံရန် သဘောတူ ခွင့်ပြုခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးခန်းဖွင့်လှစ်ရန်နှင့် နေအိမ်များအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ အားကစား လေ့ကျင့်ရေးစခန်း Gold Camp၊ Cluser - 3 အဆောင် (7) ရှိ (01,02,03,04,12,13,14) တို့တွင် ဖွင့်လှစ်ခွင့်ရရှိရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် စပ်လျဉ်းပြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေပုဒ်မ ၅ တွင် ပြည်ထောင်စု တရားသူကြီးချုပ်သည် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းပါရှိရာ အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ သတ်မှတ်အရည်အချင်းနှင့် ပြည်စုံသည့် ကိုယ်စားလှယ်များနှင့် နိုင်ငံ့ဝန်ထမ်း မဟုတ်သော ပုဂ္ဂိုလ်များကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ဦးဉာဏ်ဝင်း၊ ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး အတွင်းရေးမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးပါရှိသော ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၈၆၅/၂၀၁၇ ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆ လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးတို့က သြဂုတ် ၇ ရက် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြန်လည်ရှင်းလင်း ဆွေးနွေးကာ ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

 

Most Read

Most Recent