တရားဥပဒေစိုးမိုးမှု တိုးတက်လာရေး အထောက်အကူဖြစ်စေမည့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ် စတင်ထုတ်လွှင့်နိုင်ခြင်းအပေါ် ဂုဏ်ယူကြောင်း ပြည်ထောင်စုရှေ့နေချုပ် ပြောကြား

တရားဥပဒေစိုးမိုးမှု တိုးတက်လာရေး အထောက်အကူဖြစ်စေမည့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ် စတင်ထုတ်လွှင့်နိုင်ခြင်းအပေါ် ဂုဏ်ယူကြောင်း ပြည်ထောင်စုရှေ့နေချုပ် ပြောကြား
Published 25 May 2018

မေ ၂၄ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်တွင်ပြုလုပ်သည့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ် စတင်ထုတ်လွှင့်ခြင်း အခမ်းအနား ပြုလုပ်နေစဉ်

တရားဥပဒေစိုးမိုးမှု တိုးတက်လာရေး အထောက်အကူဖြစ်စေမည့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ် စတင်ထုတ်လွှင့်နိုင်ခြင်းအပေါ် ဂုဏ်ယူကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားသည်။

“ဒီနေ့ဟာ ကျွန်တော်တို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့သမိုင်းမှာ ထူးခြားတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေထဲက ဦးစားပေးကဏ္ဍဖြစ်တဲ့ တရားဥပဒေစိုးမိုးမှု တိုးတက်လာရေးကို အထောက်အကူဖြစ်စေမယ့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ Website မှတစ်ဆင့် စတင်ထုတ်လွှင့်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့ များစွာပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

မေ ၂၄ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်တွင်ပြုလုပ်သည့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ် စတင်ထုတ်လွှင့်ခြင်း အခမ်းအနား၌ ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဥပဒေပြဋ္ဌာန်းချက်များနှင့် ထုတ်ပြန်ချက်များကို အားလုံးလက်လှမ်းမီစေပြီး အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ဥပဒေသတင်းအချက်အလက်စနစ် ထူထောင်ခြင်းသည် နိုင်ငံသူနိုင်ငံသားများအတွက် အကျိုးရှိသည့် အလုပ်တစ်ခု ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ဆိုသည်။

လက်ရှိအချိန်မှစ၍ ပြည်သူများအနေဖြင့် ဥပဒေသတင်းအချက်အလက်များကို အင်တာနက်ဝက်ဘ်ဆိုက်၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ပြီး ယင်းစနစ်ကြောင့် ဥပဒေအသိပညာများ တိုးပွားမည်ဖြစ်ကာ တရားဥပဒေစိုးမိုးရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဆက်လက်ပြောကြားသည်။

၎င်းက “ဥပဒေသတင်းအချက်အလက်တွေမှာ တည်ဆဲဥပဒေများသာမက ဥပဒေသမိုင်းကြောင်းကို သိရှိနိုင်ဖို့အတွက် ရုပ်သိမ်းပြီး ဥပဒေတွေကိုလည်း ဖော်ပြထားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက်၊ အဖွဲ့အစည်းအလိုက်သာမက အုပ်ချုပ်ရေး၊ စီးပွားရေးစတဲ့ ကဏ္ဍအလိုက်လည်း ခွဲခြားဖော်ပြထားပါတယ်။ ဥပဒေတစ်ခုချင်းမှာလည်း မူလပြဋ္ဌာန်းချက်၊ ပြင်ဆင်ချက်၊ ပြင်ဆင်တဲ့ အကြိမ်အရေအတွက်၊ ပြင်ဆင်တဲ့ခုနှစ်နဲ့ အကြောင်းအရာ စတာတွေကိုလည်း အလွယ်တကူကြည့်ရှုနိုင်ဖု့ိ ဆောင်ရွက်ထားပါတယ်” ဟုပြောကြားသည်။ မြန်မာဥပဒေ သတင်းအချက်အလက်စနစ်သည် မြန်မာနိုင်ငံ၏ ဥပဒေသတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံ ဖော်ပြထားသည့်အတွက် ဥပဒေသုတေသီများ၊ ဥပဒေကျောင်းသားကျောင်းသူများ၊ ဥပဒေရေးဆွဲသူများ၊ ဥပဒေပြုသူများ၊ ဥပဒေလေ့လာသူများအတွက် ဥပဒေ စာကြည့်တိုက်တစ်ခုအဖြစ် များစွာအထောက်အကူဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်ငန်းနှင့်သက်ဆိုင်သည့် ဥပဒေသတင်းအချက်အလက်များကို မြန်မြန်ဆန်ဆန်နှင့် ပြည့်စုံစွာလေ့လာနိုင်သည့်အတွက် လုပ်ငန်းများ လွယ်ကူစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာဥပဒေ သတင်းအချက်အလက်စနစ်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး Website ဖြစ်သည့် www.oag.gov.mm နှင့် www.mlis.gov.mm တို့တွင် ကြည့်ရှုနိုင်ပြီး မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ကြည့်ရှုနိုင်သော ပြည်တွင်း၊ ပြည်ပ အခမဲ့ဝန်ဆောင်မှုပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent