၂၁ ရာစု ပင်လုံအစည်းအဝေး၌ တင်သွင်းဆွေးနွေးနိုင်ရန် မွန်တိုင်းရင်းသားများ၏ သဘောထားဆန္ဒများရယူမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်

၂၁ ရာစု ပင်လုံအစည်းအဝေး၌ တင်သွင်းဆွေးနွေးနိုင်ရန် မွန်တိုင်းရင်းသားများ၏ သဘောထားဆန္ဒများရယူမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်
Published 6 May 2018

မေ ၅ ရက်က မွန်ပြည်နယ် ရေးမြို့တွင် စတင်ကျင်းပသည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်နေစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ် ရေးမြို့တွင် မေ ၅ ရက်မှစတင်ကာ သုံးရက်ကြာ ပြုလုပ်လျက်ရှိသည်။

အဆိုပါ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ရေးမြို့ရှိ ပြည်သူ့အားကစားရုံတွင် နံနက် ၉ နာရီက ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မွန်သံဃာတော်များ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် တာဝန်ရှိသူများ၊ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်နှင့် တာဝန်ရှိသူများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစိုးရအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မွန်နိုင်ငံရေးပါတီများ၊ မွန်လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားသင့် ဖိတ်ကြားထိုက်သူများ၊ ရေးမြို့ခံပြည်သူများ တက်ရောက်ကြသည်။

“မွန်ပြည်သစ်ပါတီအနေနဲ့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ အခုလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပနိုင်တဲ့အတွက် အလွန်ပဲဝမ်းမြောက်မိပါတယ်။ ဒီဆွေးနွေးပွဲကြီး ဖြစ်မြောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အာမခံချက်အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့အတူ တည်ဆောက်သွားနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီလို တည်ဆောက်သွားနိုင်ဖို့ကို တိုင်းရင်းသားများရဲ့ လိုလားချက်တွေ၊ သဘောဆန္ဒတွေကို အခုလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီး အမြင်သဘောထားတွေကို စုစည်းနိုင်ဖို့ အခုလို ဆွေးနွေးပွဲကိုကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အခမ်းအနား အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုဖြစ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်နိုင်ရန်အတွက် ကြိုးစားလျက်ရှိပါကြောင်း၊ ယင်းညီလာခံသည် တိုင်းရင်းသားအားလုံး၏ ဆွေးနွေးအဖြေရှာမှုနှင့် မိမိတို့အားလုံးလိုလားသည့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားရမည် ဖြစ်သောကြောင့် အဆိုပါဖြစ်စဉ်တွင် မိမိတို့ မွန်အမျိုးသားများအနေဖြင့်လည်း ပါဝင်ရန်လိုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မွန်ပြည်သစ်ပါတီနှင့်အတူ မွန်နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံးနှင့်တိုင်ပင်ညှိနှိုင်းပြီး သတ်မှတ်ထားသည့် မူဘောင်အတွင်းက ဆောင်ရွက်နိုင်ရန် မိမိတို့ ကြိုးစားဆောင်ရွက်ခဲ့ကြောင်း မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌဖြစ်သူ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဗညားလယ်က ပြောကြားသည်။

“ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တင်ပြဆွေးနွေးနိုင်မယ့် မူဝါဒအကြံပြုစာတမ်းတွေ ရရှိနိုင်ဖို့နဲ့ မတူညီတဲ့အမြင် အယူအဆတွေကို စုစည်းသွားဖို့အတွက်လည်း ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ဒီဆွေးနွေးပွဲမှာ ကိုယ်စားလှယ်များအနေနဲ့ လွတ်လွတ်လပ်လပ်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားဖို့အတွက် တိုက်တွန်းလိုပါတယ်” ဟု နိုင်ဗညားလယ်က ပြောကြားသည်။

သုံးရက်ကြာပြုလုပ်မည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၌ မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီများ၊ မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အခြားဖိတ်ကြားသင့် ဖိတ်ကြားထိုက်သည့် ပုဂ္ဂိုလ်များအပါအဝင် ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ပြီး ရေးမြို့ရှိ ပြည်သူ့အားကစားရုံ၊ မွန်ဓမ္မာရုံ၊ အ.ထ.က (၁) ကျောင်းနှင့် တစ်ပလ္လင်နှစ်ဆူဓမ္မာရုံ စသည့်နေရာလေးနေရာတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတကဏ္ဍများအား ဆွေးနွေးသွားမည်ဖြစ်သည်။

Most Read

Most Recent