အမှုများကို ဥပဒေ၊ ကျင့်ထုံး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးပြတ်ရန် စီရင်ဆုံးဖြတ်ရေးနှင့် အဂတိတရား ကင်းစင်ရေးတို့ကို အထူးဦးစားပေးလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ပြောကြား

အမှုများကို ဥပဒေ၊ ကျင့်ထုံး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးပြတ်ရန် စီရင်ဆုံးဖြတ်ရေးနှင့် အဂတိတရား ကင်းစင်ရေးတို့ကို အထူးဦးစားပေးလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ပြောကြား
Published 22 April 2018

အမှုများကို ဥပဒေ၊ ကျင့်ထုံး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးပြတ်ရန် စီရင်ဆုံးဖြတ်ရေးနှင့် အဂတိတရား ကင်းစင်ရေးတို့ကို အထူးဦးစားပေးလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် အထူးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၏ အထူးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၁ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သတင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေး၌ တရားစီရင်ရေးနှင့် တရားရုံးစီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှုများကို ဥပဒေ၊ ကျင့်ထုံး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးပြတ်အောင် စီရင်ဆုံးဖြတ်ရေး၊ အဂတိတရားကင်းစင်ရေး၊ တရားရုံးသက်သေခံပစ္စည်းများ စနစ်တကျစီမံခန့်ခွဲရေး၊ မှန်ကန်မျှတသော ဝန်ထမ်းရေးရာစီမံခန့်ခွဲရေးတို့ကို အထူးဦးစားပေးလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တို့က အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ကြပ်မတ်ဆောင်ရွက်ရန်အတွက် တာဝန်များ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း၊ သို့မှသာ တရားစီရင်ရေး၏ ရည်မှန်းချက်ဖြစ်သည့် လူတိုင်းသို့ အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရေးနှင့် တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတော်၏ အထူးဦးစားပေးလုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့် စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်၏ တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတရားရုံးများအပါအဝင် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းထားပြီး မိမိတို့တရားသူကြီးများနှင့် တရားရေးအရာရှိများသည် တရားရုံးအဆင့်ဆင့်၏ တရားစီရင်ရေးနှင့် တရားရုံးစီမံခန့်ခွဲရေး လုပ်ငန်းများကိုဆောင်ရွက်ရန် တာဝန်ပေးအပ်ခံရသူများဖြစ်ပါကြောင်း၊ လွတ်လပ်၍ တရားမျှတသည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်စေရေး၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် မိမိတို့အားလုံးတွင် တာဝန်ရှိကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုများကို မဟာဗျူဟာစီမံကိန်းများ ရေးဆွဲ၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သုံးနှစ်တာတရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၇) ကို အောင်မြင်စွာ အကောင်အထည်ဖော်ပြီးနောက် ငါးနှစ်တာတရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားစီရင်ရေး မဟာဗျူဟာလုပ်ငန်းစဉ်များ စီမံခန့်ခွဲရေးအဖွဲ့များကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ပြောကြားသည်။

အထူးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားရေးဦးစီးမှူးများ တက်ရောက်ခဲ့ကြပြီး အဆိုပါအစည်းအဝေးကို ဧပြီ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တရားလွှတ်တော်ချုပ် တရားသူကြီးများအား နိုင်ငံတော်သမ္မတ အိမ်တော်၌ တွေ့ဆုံခဲ့ပြီး တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေရေးအတွက် မည်သို့ကြပ်မတ်သွားမည်ကို စဉ်းစားဆောင်ရွက်သွားစေလိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များအထိ အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်များဖြင့် ဆင့်ကဲဆင့်ကဲ ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာကို ဆုံးရှုံးစေသည့် သက်သေခံပစ္စည်း ပျက်စီးမှုများကို ပြုပြင်ကြပ်မတ်ပေးရမည်ဖြစ်ကြောင်း၊ တရားခွင်များတွင် တရားသူကြီးများအနေဖြင့် ဥပဒေများ၊ ကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျမြန်ဆန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆင်ခြင်တုံတရားနှင့်ယှဉ်၍ ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု ကင်းရှင်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဖြစ်ကာ တိုင်းပြည်စီးပွားရေးလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်က မှာကြားခဲ့သည်။

Most Read

Most Recent