နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှစ်သစ်ကူး သဝဏ်လွှာအပေါ် ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို လျင်မြန်စွာ ဆက်လက် ဆောင်ရွက်နိုင်ပါစေကြောင်း TNLA အကြောင်းပြန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှစ်သစ်ကူး သဝဏ်လွှာအပေါ် ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို လျင်မြန်စွာ ဆက်လက် ဆောင်ရွက်နိုင်ပါစေကြောင်း TNLA အကြောင်းပြန်
Published 29 December 2017

နှစ်သစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့်အတူ စစ်မှန်သော ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အား လျင်မြန်သွက်လက်စွာ ဆက်လက် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အကြောင်းပြန်ကြားအပ်ပါသည်ဟူ၍ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနသို့ ဒီဇင်ဘာ ၂၄ ရက်တွင် စာပေးပို့ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ပေးပို့လာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ၏ နှစ်သစ်ကူးသဝဏ်လွှာအား PSLF/TNLA ဗဟိုဌာနချုပ်က ကောင်းမွန်စွာ လက်ခံရရှိပါကြောင်း၊ မိမိတို့ထံ နှစ်သစ်ကူူးသဝဏ်လွှာ ပေးပို့သည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း အကြောင်းပြန်ကြားစာတွင် ပါရှိသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပေးပို့သည့် နှစ်သစ်ကူးသဝဏ်လွှာအား ချစ်ကြည်ရင်းနှီးစွာ ပေးပို့အပ်ပါကြောင်း၊ နှစ်သစ်တွင် ပျော်ရွှင်စွာချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ဟူ၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) သို့ ဒီဇင်ဘာ ၂၂ ရက်တွင် ပေးပို့ခဲ့သည်။

တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) တို့သည် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိကြသည်။

FPNCC ကော်မတီတွင် “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP/SSA) ၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ပါဝင်သည်။

အဆိုပါ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် NCA စာချုပ်အား လက်မခံဘဲ NCA စာချုပ်နှင့် အလားတူ အပစ်အခတ်ရပ်စဲရေး စာချုပ်တစ်စောင်အား အစိုးရထံ ပေးပို့ထားပြီး အစိုးရနှင့် တွေ့ဆုံဆွေးနွေးရာတွင် FPNCC ကော်မတီအနေဖြင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကြေညာထားသော်လည်း အစိုးရဘက်က ယင်းကော်မတီအား အသိအမှတ်မပြုပေ။