အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သောကူညီပံ့ပိုးမှုများ ချမှတ်ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆို မှတ်တမ်းတင်ထားရှိရန် ပြည်သူ့လွှတ်တော်ဆုံးဖြတ်

အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သောကူညီပံ့ပိုးမှုများ ချမှတ်ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆို မှတ်တမ်းတင်ထားရှိရန် ပြည်သူ့လွှတ်တော်ဆုံးဖြတ်
Published 8 August 2017


နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးမတိုင်မီ လွှတ်တော်ကိုယ်စားလှယ်ကို တွေ့ရစဉ်

မြို့နယ်တိုင်းတွင် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပြည်သူများ ပူးပေါင်းပါဝင်သော စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် လိုအပ်သော ဦးဆောင်လမ်းညွှန် ကူညီပံ့ပိုးမှုများ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို မှတ်တမ်းတင်ထားရှိရန် သြဂုတ် ၇ ရက်က ပြည်သူ့လွှတ်တော်တွင် ဆုံးဖြတ်အတည်ပြုခဲ့သည်။

ယင်းအဆိုကို တွံတေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ် ၁၃ ဦးက ထောက်ခံဆွေးနွေးခဲ့သော်လည်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က မှတ်တမ်းတင်ထားရှိရန် တင်ပြခဲ့ပြီး အဆိုရှင်ကလည်း မှတ်တမ်းတင်ထားရှိရန် သဘောထားပေးခဲ့သောကြောင့် အဆိုကိုမှတ်တမ်းတင်ထားရှိရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်တွင် ခရိုင်နှင့်မြို့နယ်တွဲဖက်ထားသည့် စာကြည့်တိုက်ပေါင်း ၄၀၀ နီးပါးရှိကြောင်း၊ အဆိုပါရုံးများတွင် ယခင်က အများပြည်သူ ဝင်ထွက်သွားလာမှု နည်းပါးခဲ့သော်လည်း ယခုအချိန်တွင် ရပ်ရွာလူထုတွေ့ဆုံနှီးနှောရာ နေရာများအဖြစ်လည်းကောင်း၊ စာကြည့်တိုက်များကိုလည်း ဒေသအလိုက် ရပ်ရွာလူထု၏ လိုအပ်ချက်နှင့်အညီ ဖြည့်တင်းပေးနိုင်မည့် Community Library များအဖြစ်လည်းကောင်း ပြောင်းလဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာဖေမြင့်က ပြောကြားသည်။

ထို့ပြင် စာကြည့်တိုက်များတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒနယ်ရှင်များနှင့် တွေ့ဆုံရန်နေရာအဖြစ် အသုံးပြုရန်နှင့် အသုံးပြုရန်အတွက် ဖိတ်ခေါ်ထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် အသုံးပြုခြင်းဖြင့် စာကြည့်တိုက်များမှာ ပိုမိုအသုံးဝင်လာသလို စာကြည့်တိုက်များ တိုးတက်ကောင်းမွန်စေရန်အတွက် ကိုယ်စားလှယ်များထံမှ အကြံဉာဏ်များရရှိရန် မျှော်လင့်ထားကြောင်း ဒေါက်တာဖေမြင့်က ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားလှုပ်ရှားမှုကြီးတစ်ရပ်အသွင်နဲ့ အကောင်အထည်ဖော်ဖို့ အစီအစဉ်ကတော့ အင်မတန်မှကြီးကျယ်ပါတယ်။ ကျွန်တော်တို့ဒီကိစ္စမျိုးမှာ ဝန်ကြီးဌာန တစ်ခုလောက်တင်မကဘဲနဲ့ သက်ဆိုင်သူများ၊ တာာဝန်ရှိသူများ၊ ဝိုင်းဝန်းဆောင်ရွက်ရမယ့် ကိစ္စကြီးဖြစ်တယ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့လို့ ချုပ်ပြီးပြောရရင် မြန်မာနိုင်ငံမှာ စာကြည့်တိုက် တိုးတက်ဖွံ့ဖြိုးဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအပါအဝင် စိတ်ပါဝင်စားသူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။ အဆိုနဲ့ပတ်သက်လို့ကတော့ အောင်မြင်အောင် အကောင်အထည်ဖော်ဖို့နည်းလမ်းနဲ့ လုပ်ငန်းအစီအစဉ်တွေ၊ ဒီအတွက် လိုအပ်မယ့်အရာတွေကို ပြည့်ပြည့်စုံစုံ ညှိနှိုင်းဆွေးနွေးပြီးမှသာလျှင် ဆောင်ရွက်ရန်သင့်တဲ့အတွက် လောလောဆယ်မှာ မှတ်တမ်းတင်ထားသင့်ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်” ဟု ရှင်းလင်းဆွေးနွေးသည်။

အစိုးရအဆက်ဆက် တာဝန်ရှိသူများက ကျေးရွာများတွင် စာကြည့်တိုက်များ ပေါ်ပေါက်ရန်ရည်ရွယ်ကာ အမျိုးမျိုးကြိုးစားခဲ့ကြောင်း၊ သို့သော် လက်တွေ့၌ မအောင်မြင်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော စာကြည့်တိုက် ၅၅၇၅၅ လုံးရှိသော်လည်း လှုပ်ရှားတက်ကြွနေသည့် စာကြည့်တိုက်အရေအတွက်မှာ ၄၅၆၈ လုံးသာရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က အဆိုတင်သွင်းစဉ် ထည့်သွင်းပြောကြားထားသည်။

Writer - ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

Most Read

Most Recent