ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်တရားစွဲဆိုမှု ၈၁ မှုအထိရှိလာ

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်တရားစွဲဆိုမှု ၈၁ မှုအထိရှိလာ
Published 1 August 2017

ဆက်သွယ်ရေးဥပဒေကို စတင်ပြဋ္ဌာန်းပြီးသည့် ၂၀၁၃ ခုနှစ်မှစတင်ပြီး ယခု ၂၀၁၇ ခုနှစ်သြဂုတ် ၁ ရက်အထိ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကိုအသုံးပြုကာ တရားစွဲဆိုမှု ၈၁ မှုအထိရှိလာပြီဖြစ်ကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က သြဂုတ် ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှု ၈၁ မှုအနက် ယခင်အစိုးရလက်ထက်တွင် ပုဒ်မ ၆၆ (ဃ) ဖြင့်တရားစွဲဆိုခံရမှု ခုနစ်မှုနှင့် ပြစ်ဒဏ်ချမှတ်ခံရသူ ငါးမှုအထိရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် တရားရုံးတင် တရားစွဲဆိုခံရသည့် အမှုပေါင်း ၇၄ မှုရှိပြီး ပြစ်ဒဏ်ချမှတ်ပြီးသည့်အမှု ၁၁ မှု၊ လတ်တလော အာမခံမရဘဲ အချုပ်ကျခံနေရသည့်အမှု ရှစ်မှုအထိရှိနေကြောင်း သိရသည်။

အဆိုပါအမှုများတွင် တပ်မတော်မှတရားစွဲဆိုသော အမှုခုနစ်မှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါတီဝင်များက တရားစွဲဆိုခဲ့သော အမှုခုနစ်မှုနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကြားလူကတရားစွဲဆိုသောအမှု ရှစ်မှုရှိနေကြောင်း သိရသည်။

ထို့ပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် သတင်းမီဒီယာသများကို အရေးယူထားသောအမှု ၁၀ မှုအထိရှိနေပြီး သတင်းမီဒီယာသမား ၁၈ ဦးအထိတရားရင်ဆိုင်နေရကြောင်း အဆိုပါသုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)အပါအဝင် အခြားပုဒ်မများကို ပြင်ဆင်ရေးအတွက် ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ဇူလိုင် ၈ ရက်တွင် အစိုးရကထုတ်ပြန်ကြေညာခဲ့ပြီး ယင်းဥပဒေမူကြမ်းအပေါ် ဇူလိုင် ၂၅ ရက်က အမျိုးသားလွှတ်တော်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးကဆွေးနွေးရာ ခုနစ်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို လုံးဝဖျက်သိမ်းပစ်သင့်သည်ဟု ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ကလည်း အသစ်ထွက်ပေါ်လာသော ဥပဒေမူကြမ်းသည် ပြည်သူလူထု၏ လိုအပ်ချက်နှင့် ကင်းကွာနေပြီး ဥပဒေမူကြမ်းတွင်ပါဝင်သော ပုဒ်မ ၆၆ (ဃ)နှင့် ပုဒ်မ ၈၀ ပါပြဋ္ဌာန်းချက်များသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ဆဲဖြစ်နေခြင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ တို့သည်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံခွင့်ကို ထိခိုက်နေဆဲဖြစ်သည်ဟု ယူဆနေသည်။ ထို့ပြင်ယင်းအဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာတွင် ဆက်သွယ်ရေးဥပဒေ၏ အားနည်းချက်များကို ပြည်သူတစ်ဦးချင်းဆီက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံသို့ စာရေးသားပေးပို့ရန် လှုံ့ဆော်ထားသည်ကို တွေ့ရသည်။

Most Read

Most Recent