ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်နေပြီး နိုင်ငံတကာမှ မဟုတ်သည်များ စွပ်စွဲခံရသည့်အတွက် စိတ်မကောင်းကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်နေပြီး နိုင်ငံတကာမှ မဟုတ်သည်များ စွပ်စွဲခံရသည့်အတွက် စိတ်မကောင်းကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား
Published 20 September 2017

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်နေကာ နိုင်ငံတကာမှ မဟုတ်သည်များကို စွပ်စွဲခံရသည့်အတွက် စိတ်မကောင်းကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက မီဒီယာများအား ပြောကြားသည်။

စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ သံတမန်များသို့ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားအပြီးတွင် ကာကွယ်ရေးဝန်ကြီးအား မီဒီယာများက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်တစ်ဦးက “နိုင်ငံတော်၏ အတိုင်ပင်ခံပြောခဲ့သလိုပဲ တပ်မတော်က လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ လုပ်တယ်ဆိုတာ ပြောထားတယ်ပေါ့။ ဒါပေမဲ့ တခြားနိုင်ငံတကာ မီဒီယာတွေက ပြောနေတာကကျတော့ တပ်မတော်ကနေပြီးတော့ ထွက်ပြေးနေတဲ့ မွတ်စလင်တွေကို ပစ်သတ်နေတယ်လို့ ပြောတယ်။ အဲဒီဟာအတွက်ကို ဝန်ကြီးအနေနဲ့ ဘာပြောချင်လဲမသိဘူး” ဟု မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက “ဘယ်လိုပြောရမလဲဆိုတော့ ကျွန်တော်တို့ဘက်ကတော့ အခုနက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသလိုပဲ မှန်မှန်ကန်ကန် ဥပဒေနဲ့အညီ ဆောင်ရွက်ပါတယ်။ ဥပဒေနဲ့အညီ မဆောင်ရွက်တာ ဆိုရင်လည်း ကျူးလွန်တဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူပါတယ်။ ဒီနည်းနဲ့ပဲ ကျွန်တော်တို့ လုပ်နေပါတယ်။ သူတို့စွပ်စွဲတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့တော့ စိတ်မကောင်းတာပဲ ပြောစရာရှိတာပေါ့။ မဟုတ်တာတွေ စွပ်စွဲခံရတဲ့အတွက် စိတ်မကောင်းဘူးလို့ပဲ ပြောစရာ ရှိပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက “သူတို့က အရင်တိုက်တာ။ လုံခြုံရေးအဖွဲ့ကို သူတို့ကတိုက်တာပြီးတော့ သူတိ့ုက အရင်ဦးအောင် ထွက်ပြေးသွားတာ။ သူတို့လုပ်ထားတဲ့အတွက် သူတို့စိုးရိမ်တာပေါ့။ ကျွန်တော်တို့က တရားဥပဒေနဲ့ညီတဲ့ လူတွေကို စောင့်ရှောက်ဖို့ပဲ ရှိပါတယ်။ ကျွန်တော်တို့ကတော့ တရားဥပဒေနဲ့မညီတဲ့ အပြစ်ရှိတဲ့ လူတွေကိုပဲ ဥပဒေနဲ့အညီ အရေးယူရမှာ ဖြစ်ပါတယ်။ အဲဒီမှာ မွတ်စလင်ရွာတွေ အများကြီး ကျန်ပါတယ်။ သူတို့ကိုလည်း ကျွန်တော်တို့ စောင့်ရှောက်ပေးနေပါတယ်။ တရုတ်နိုင်ငံကတော့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းကောင်းပါပဲ။ ကျွန်တော့်အမြင် ပြောရရင်တော့ ကျွန်တော်တို့ လုပ်ဆောင်ချက် မှန်မှန်ကန်ကန် လုပ်နေတဲ့အတွက် တကယ်နားလည်တဲ့အတွက် ကျွန်တော်တို့ဘက်မှာ ရှိမယ်လို့ ယုံကြည်ပါတယ်။ အိမ်နီးချင်းတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ကူညီထောက်ပံ့ရမှာပါပဲ။ (နိုင်ငံတကာ သတင်းတွေထဲမှာ မြန်မာနိုင်ငံ အစိုးရက သူတို့မွတ်စလင်တွေကို လူမျိုးသုန်း သတ်ဖြတ်နေတယ်လို့ ပြောတဲ့အပေါ်မှာ ဘာပြန်ပြောချင်ပါလဲ။) အဲဒါကြီးကတော့ အမှားကြီးပါပဲ။ ကျွန်တော်တို့ မီဒီယာတွေမှာ ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာဟာ ထိုးဖောက်နိုင်မှု အားနည်းပါတယ်။ အဲဒီတော့ ဒီမွတ်စလင် အသိုင်းအဝိုင်းပေ့ါ။ သူတို့ဘက်ကကျတော့ ကမ္ဘာမှာ မီဒီယာအား ကောင်းပါတယ်။ အားကောင်းတဲ့ အခါကျတော့ သူတို့ပြောတာက ပိုပြီးတော့ ပေါက်တယ်။ ကျွန်တော်တို့ ပြောရရင် ARSA က ဇာတ်လမ်းဆင်တာပေါ့။ သူတို့ကလည်း စပြီး လုပ်တယ်။ ပြီးတော့ သူတို့က ထွက်ပြေးတယ်။ ပြီးတဲ့အခါကျတော့ သူတို့က ပြောတဲ့အခါကျတော့ သူတို့စကားပေါက်တဲ့ အခါကျတော့ ကမ္ဘာက ဘယ်လိုထင်လဲဆိုတော့ သူတို့အပေါ်မှာ သနားတယ်။ သူတို့သတ်ဖြတ်သွားတဲ့ မြိုတွေ၊ ဒိုင်းနက်တွေ၊ ရခိုင်တွေ၊ သူတို့တကယ် အသတ်ခံရတဲ့ လူတွေကျတော့ မသိဘူးပေါ့။ Ethnic Cleansing လုပ်ခံရတာ ကျွန်တော်တို့လူမျိုးတွေ၊ သူတို့က ပြောင်းပြန်ပြောတဲ့ အခါကျတော့ ကမ္ဘာက ပြောင်းပြန်မြင်နေတယ်။ စစ်ဆင်ရေးမှာ အင်အားသုံးပြီး မလုပ်ပါဘူး။ ကျွန်တော်တို့ဟာ အင်အားကို လိုသလောက်လေးပဲ ထိန်းထိန်းသိမ်းသိမ်း သုံးစွဲပါတယ်။ (တပ်မတော်ဘက်က လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာရော။) အဲဒါလည်းမှားပါတယ်။ လုံးဝချိုးဖောက်တာ မရှိပါဘူး” ဟု သတင်းထောက်များအား ပြောကြားသည်။

 

Most Read

Most Recent