နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယနေ့ပြောကြားမည့် နိုင်ငံတော် အခြေပြမိန့်ခွန်းကို နိုင်ငံတစ်ဝန်းရှိမြို့များတွင် LED ဘုတ်များဖြင့် တစုတဝေးတည်း ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း သိရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယနေ့ပြောကြားမည့် နိုင်ငံတော် အခြေပြမိန့်ခွန်းကို နိုင်ငံတစ်ဝန်းရှိမြို့များတွင် LED ဘုတ်များဖြင့် တစုတဝေးတည်း ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း သိရ
Published 19 September 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို LED ဘုတ်ဖြင့်ပြသရန် မန္တလေးမြို့ မနော်ရမ္မံကွင်းတွင် စက်တင်ဘာ ၁၈ ရက်ညနေပိုင်းက ပြင်ဆင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်ပိုင်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၉ ရက် (ယနေ့) နံနက် ၁၀ နာရီတွင် ပြောကြားမည့် နိုင်ငံတော် အခြေပြမိန့်ခွန်းတစ်ရပ်ကို နိုင်ငံတစ်ဝန်းရှိမြို့များတွင် LED ဘုတ်များဖြင့် တစုတဝေးတည်း ကြည့်ရှုနိုင်ရန် စီစဉ်မှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလော ဖြစ်ပေါ်နေသော ရခိုင်အရေးအပါအဝင် မြန်မာနိုင်ငံ အရေးကိစ္စများကို ရှင်းလင်းမည့် မိန့်ခွန်းတစ်ရပ်အား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) တွင် ပြောကြားသွားမည်ဖြစ်သည်။

ယင်းမိန့်ခွန်းပြောကြားမှုသည် နိုင်ငံတော် အခြေပြမိန့်ခွန်း သဘောမျိုးဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စများအပြင် စီးပွားရေးကိစ္စရပ်များပါ ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စက်တင်ဘာ ၁၉ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားချက်အရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိန့်ခွန်းပြောကြားရာတွင် အင်္ဂလိပ်ဘာသာစကား အသုံးပြုပြောကြားမည်ဖြစ်ပြီး ရုပ်သံအစီအစဉ်များမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

ယင်းသို့ အင်္ဂလိပ်ဘာသာစကားဖြင့် မိန့်ခွန်းပြောကြားမှုကို တိုက်ရိုက်ထုတ်လွှင့်ရာတွင် မြန်မာဘာသာ စာတန်းထိုးပြသမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က တိုက်ရိုက်ထုတ်လွှင့်မှုတွင် မြန်မာစာတန်းထိုးနိုင်မည်မဟုတ်ဘဲ ထပ်မံပြသမည့် အချိန်မှသာ မြန်မာစာတန်းထိုးမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမည့် အခမ်းအနားသို့ မြန်မာနိုင်ငံ အခြေစိုက်နိုင်ငံတကာ သံရုံးအသီးသီးမှ သံတမန်များ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် နိုင်ငံတကာသံတမန်များ တက်ရောက်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတိုက်ရိုက်ပြောကြားစဉ်တွင် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများအပါအဝင် ဒေသတော်တော်များတွင် ထောက်ခံသူပြည်သူများက ဘင်္ဂါလီအကြမ်းဖက်အရေးနှင့် ပတ်သက်ပြီး ညီညွတ်ကြောင်း ပြသသည့်အနေဖြင့် စုရုံးကာ ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် အစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုကို ပြည်သူများက နေရာအနှံ့တွင် စုရပ်များပြုလုပ်ကာ စိတ်ဝင်တစား အားပေးစောင့်ကြည့်ရန် ပြင်ဆင်နေကြကြောင်းလည်း သိရသည်။

ယခုပြောကြားမည့် မိန့်ခွန်းမှာ ရခိုင်ပြည်နယ် အရေးအပါအဝင် နိုင်ငံတွင်ဖြစ်ပေါ်နေသော အကြောင်းအရာနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးအကြိမ် ပြောကြားသော နိုင်ငံတော် အခြေပြမိန့်ခွန်းတစ်ရပ်လည်း ဖြစ်လာမည်ဖြစ်သည်။

Most Read

Most Recent