ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်သည့် အကြောင်းရင်း လေးချက်ရှိကြောင်း ဦးဇော်ဌေး ပြောကြား

ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်သည့် အကြောင်းရင်း လေးချက်ရှိကြောင်း ဦးဇော်ဌေး ပြောကြား
Published 14 September 2017

ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်သည့် အကြောင်းရင်း လေးချက်ရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းဆောင်တွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဇော်ဌေးက “နံပါတ်တစ်က ရခိုင်ပြည်နယ် မောင်တောဒေသ ARSA အကြမ်းဖက်သမားတွေ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်သွားတယ်။ ဖြစ်သွားတဲ့ဟာမှာ မွတ်စလင်ဘာသာဝင်တွေရောပါတယ်။ ရခိုင်တိုင်းရင်းသားတွေ၊ ဟိန္ဒူ လူမှုအဖွဲ့အစည်းတွေပါတယ်။ နောက် ဒိုင်းနက်၊ မြို၊ ဒေသခံ ဟိုးအရင်က နေထိုင်လာတဲ့ ဌာနေတိုင်းရင်းသားတွေ သေကြေရတယ်။ ပျက်စီးရတယ်။ နောက် ထွက်ပြေးရတယ်။ အဲဒီလို ထွက်ပြေးတိမ်းရှောင်မှုတွေ ဖြစ်သလိုပဲ ဘင်္ဂါလီတွေလည်း မြောက်ဘက်ကိုပြေးတယ်။ ပြေးတဲ့အခါမှာ ဒီဖြစ်စဉ်ကို ပြန်ကြည့်လိုက်တော့ ဘင်္ဂါလီတွေက မြောက်ဘက်ကို ပြေးတယ်။ တိုင်းရင်းသားတွေက တောင်ဘက်ကို ပြေးတယ်။ ဘယ်အထိ ပြေးလဲဆိုတော့ စစ်တွေဘက်အထိ ပြေးကြတယ်။ ပြေးသွားတဲ့ ဟာတွေမှာ အခု ခုနစ်နေရာ ပြန်စုစည်းပြီး လက်ခံဖို့ လုပ်ထားတယ်။ တိုင်းရင်းသားတွေကိုတော့ သူတို့ရဲ့ ရွာတွေမှာ ထားထားတယ်။ ပြန်ပြီးတော့ နေရာချထားတယ်။ အဲဒါတွေအပြင် လူသားချင်းစာနာ ထောက်ထားမှုတွေ ချက်ချင်းလုပ်ရမှာပေါ့။ အဲဒါတွေလုပ်ဖို့ရှိတယ်။ အဲဒါ နံပါတ်တစ်။ နံပါတ်နှစ် အချက်က ပြည်တွင်းမှာ ရခိုင်ပြည်နယ် မောင်တောပြဿနာနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းမှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေရှိတယ်။ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီးတော့ လူမျိုးရေး၊ ဘာသာရေးဘက်ကို ဆွဲသွားတဲ့ ပဋိပက္ခ ဖန်တီးမှုတွေလည်းရှိတယ်။ ပြီးခဲ့တဲ့ တောင်တွင်းကြီးဖြစ်စဉ်မှာ တွေ့ခဲ့ရသလို။ အဲဒီတော့ ပြည်တွင်းမှာ တည်ငြိမ်မှုအတွက် အထူးအလေးထားပြီး လုပ်နေရတဲ့ အနေအထား ရှိပါတယ်။ နောက် တတိယအချက်က အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်နိုင်တယ်ဆိုတဲ့ သတင်းအချက်အလက် တွေရှိတယ်။ မြန်မာနိုင်ငံ မြို့ကြီးတွေမှာ အကြမ်းဖက် တိုက်ခိုက်မယ်ဆိုတဲ့ သတင်းအချက်အလက် တွေရတယ်။ အဲဒါကလည်း လုံခြုံရေးအရ အထူးအလေးထား ဆောင်ရွက်နေရတဲ့ အနေအထားရှိတယ်။ နောက် နံပါတ်လေးအချက်က နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်က ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆေးဝါးကုသထားတယ်။ အဲဒါနဲ့ပတ်သက်လို့ ခွဲစိတ်ကုသမှု အောင်မြင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ သို့သော် ဒီမှာတော့ သမ္မတကြီး ဆေးရုံတက်နေတယ် မရှိဘူးပေါ့။ ဒီနေ့အချိန်အထိ ဆေးရုံမှာရှိနေတယ်။ ဒီအချက် လေးချက်အရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မူလက သွားဖို့ရည်ရွယ်ထားတယ်။ အဲဒီမှာလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီ။ အခြေအနေ အကြောင်းကြောင်းကြောင့် မသွားဖြစ်တော့ဘူး။ မသွားဖြစ်တော့ဘဲနဲ့ ဒုတိယ သမ္မတသွားမယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

Most Read

Most Recent