ရီးယဲလ်မက်ဒရစ်အသင်းသည် ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင် ကစားသမား ဟာဇက်ကိုခေါ်ယူရန် လာမည့် ရက်ပိုင်းအတွင်း သဘောတူညီမှုရရှိတော့မည်ဖြစ်ကြောင်း စပိန်အခြေစိုက် Marca သတင်းစာ၏ဖော်ပြချက်အရ သိရသည်။
ရီးယဲလ်အသင်းနည်းပြ ဇီဒန်းသည် နွေရာသီအပြောင်းအရွှေ့ကာလတွင် အပြောင်းအလဲများစွာပြုလုပ်ရန် စီစဉ်ထားပြီး ဂါရတ်ဘေးလ်၊ တိုနီကရို့စ်၊ အစ္စကို၊ မာဆယ်လို၊ ကက်စ်မဲရိုး စသည့် အဓိက ကစားသမားများ ကိုရောင်းချ၍ ဟာဇက်၊ ပေါ့ဘာ၊ ဘာပေ၊ နေမာတို့ကို ပြန်လည်အားဖြည့်ခေါ်ယူရန် ဆန္ဒရှိနေကြောင်း စပိန်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။
ထို့ပြင် Marca သတင်းစာက ရီးယဲလ်အသင်းအနေဖြင့် ရက်ပိုင်းအတွင်း ဟာဇက်ကိုခေါ်ယူရန် သဘောတူညီမှုရရှိတော့မည်ဖြစ်ကြောင်းနှင့် ခြောက်နှစ် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း ဧပြီ ၅ ရက် တွင် မျက်နှာဖုံးသတင်း အဖြစ် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဟာဇက် (၂၈ နှစ်) နှင့် ချယ်လ်ဆီး အသင်း၏ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး ယခုအချိန်အထိ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရသေးကြောင်း သိရသည်။
၎င်းက အနာဂတ်နှင့်ပတ်သက်၍ တိကျစွာဖြေကြားခြင်းမရှိသေးသော်လည်း ရီးယဲလ်အသင်းနှင့် နည်းပြ ဇီဒန်း၏လက်အောက်၌ ကစားခွင့်ရရေးမှာ ငယ်ဘဝအိပ်မက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားဖူးသဖြင့် အပြောင်းအရွှေ့ဖြစ်ပေါ်ရန်နီးစပ်ကြောင်း သုံးသပ်မှုများရှိနေခြင်းဖြစ်သည်။
ထို့ပြင် ဇီဒန်းက အီဘာအသင်းနှင့်ပွဲ မတိုင်မီ မတ် ၅ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဟာဇက်အား ချီးကျူးပြောကြားမှုပြုလုပ်ခဲ့ရာ အပြောင်းအရွှေ့သတင်းများ ပိုမိုလှုပ်ခတ်လာခြင်းဖြစ်သည်။ သို့သော် ချယ်လ်ဆီးအသင်းအနေဖြင့် လာမည့် ၂၀၁၉ နွေရာသီနှင့် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်မှတ်ပုံတင်ခွင့် ပိတ်ပင်ခံထားရသည့်အချက်မှာ ဟာဇက်၏ အပြောင်းအရွှေ့အတွက် အဟန့် အတားဖြစ်လာနိုင်ကြောင်း သိရသည်။