ဖလား(၄)လုံးချန်ပီယံဖြစ်ရန် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ပစ်မှတ်ထားနေ

ဖလား(၄)လုံးချန်ပီယံဖြစ်ရန် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ပစ်မှတ်ထားနေ
Photos : Getty Images
Photos : Getty Images
Published 30 March 2019

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယခုရာသီတွင် ဖလား(၄)လုံးချန်ပီယံဖြစ်ရန် ပစ်မှတ်ထားနေကြောင်း အတိအလင်း ဝန်ခံခဲ့သည်။

ထို့ပြင် ၎င်းက မန်စီးတီးအသင်းသည် သမိုင်းစံချိန်တင် ဖလား(၄)လုံးရည်မှန်းချက်အတွက် အကောင်းဆုံးပုံစံတွင်ရှိနေသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဂွါဒီယိုလာသည် ယနေ့တွင်ကစားမည့် ဖူလ်ဟမ်နှင့်ပွဲအတွက်ပြုလုပ်သော ကစားသမားများနှင့်တွေ့ဆုံမှုတွင် ယင်းရည်မှန်းချက်အတွက် ယုံကြည်မှုမြင့်တက်စေရန် တွန်းအားပေးခဲ့သည်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

'' ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာရော ခြေထောက်တွေပါ လန်းဆန်းနေတယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ ကြိုးစားရပါမယ်။ အခု ခက်ခဲတဲ့ရည်မှန်းချက်အတွက် ဆက်သွားရမှာပါ။ ဒါဟာ အံ့အားသင့်စရာကောင်းတဲ့ အတွေ့အကြုံပါပဲ။ ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ဖိအားမရှိရင် ဘာဆုဖလားမှ ရမှာမဟုတ်ပါဘူး။ အင်္ဂလန်မှာ ဖလားသုံးလုံးချန်ပီယံ ဆာအဲလက်စ်ဖာဂူဆန်နဲ့ မန်ယူအသင်း ရရှိဖူးတဲ့ (၁)ကြိမ်ပဲရှိခဲ့ပါတယ်။ အင်္ဂလိပ်ဘောလုံးမှာ ဖလား(၄)လုံးရဖူးတဲ့အသင်း မရှိပါဘူး'' ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

ဗြိတိန်ဘောလုံးလောကတွင် ဆဲလ်တစ်က ၁၉၆၇ ခုနှစ်တွင် ဖလား(၄)လုံးဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံးအသင်းအဖြစ် စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်ဘောလုံးတွင်မူ ၂၀၀၇ ခုနှစ်တွင် မော်ရင်ဟို၏ချယ်လ်ဆီး၊ ၂၀၀၉ ခုနှစ်တွင် ဖာဂူဆန်၏မန်ယူအသင်းများမှာ ယင်းအခွင့်အရေးမျိုးရရှိခဲ့သော်လည်း အဆုံးသတ်တွင် အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent