ဦးခေါင်းခွဲစိတ်ပြီးနောက် အကြိုက်ဆုံးဖြစ်သည့် ၀ိုင်နီကိုပါ ဖာဂူဆန် စွန့်လွှတ်ခဲ့

ဦးခေါင်းခွဲစိတ်ပြီးနောက် အကြိုက်ဆုံးဖြစ်သည့် ၀ိုင်နီကိုပါ ဖာဂူဆန် စွန့်လွှတ်ခဲ့
Published 10 October 2018

 

မန်ယူအသင်း၏ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်သည် ဦးခေါင်းခွဲစိတ်ကုသမှုခံယူပြီးနောက် အရက်မသောက်တော့ဘဲ ၄င်းအကြိုက်ဆုံးဖြစ်သည့် ၀ိုင်နီကိုပါ စွန့်လွှတ်ခဲ့ကြောင်း သိရသည်။

အသက် (၇၆) နှစ်ရှိပြီဖြစ်သူ ဖာဂူဆန်သည် ပြီးခဲ့သည့် မေလက ဦးနှောက်အတွင်း သွေးယိုစိမ့်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး အထူးကြပ်မတ်ဆောင်တွင် ကုသမှုများပြုလုပ်ခဲ့ရကြောင်းသိရသည်။

ဖာဂူဆန်သည် ပြီးခဲ့သည့်လပိုင်းက ပြင်သစ်နိုင်ငံသို့ အလည်သွားရောက်ခဲ့ကြောင်းသိရသည်။ ဖာဂူဆန်သည် ပြင်သစ်သို့ရောက်တိုင်း La Mare Germaine စားသောက်ဆိုင်သို့ ဝင်ရောက်ကာ စားသောက်လေ့ရှိသည်။

အဆိုပါစားသောက်ဆိုင်မှ ဝန်ထမ်းတစ်ဦးက ” ဖာဂူဆန် ဒီကိုလာတိုင်း ကျွန်တော်တို့နဲ့အတူ  သောက်လေ့ရှိပါတယ်။ ဒါပေမဲ့ အခုတော့ သူဟာ ၀ိုင်ကိုနှုတ်ခမ်းပေါ်တောင် မတင်တော့ပါဘူး။ သူဟာ ၀ိုင်ကိုအလွန်နှစ်သက်သူဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ၀ိုင်ကိုသူစွန့်လွှတ်လိုက်ပါပြီ။ ဒါက ကျွန်တော်တို့အတွက်တော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ သူ့ကျန်းမာရေးက ပိုအရေးကြီးတယ်လေ ” ဟု The Sun သတင်းစာသို့  ပြောကြားခဲ့သည်။

ဖာဂူဆန်သည် ခွဲစိတ်ကုသမှုမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလ (၂၂) ရက်နေ့က အိုးလ်ထရက်ဖို့ဒ်ကွင်းတွင်ကစားခဲ့သည့် မန်ယူ (၁-၁) ဝုလ်ဗ်ပွဲစဉ်ကို ပထမဆုံးအကြိမ် လာရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ဖာဂူဆန်သည် မန်ယူအသင်းကို ၁၉၈၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ (၂၆) နှစ်ကြာကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား (၁၃) လုံးအပါအဝင်၊ ဆုဖလားပေါင်း (၃၈) လုံးအထိရယူပေးနိုင်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent