ဆာလာ၏ပြောင်းရွှေ့ကြေးအား မဖြစ်မနေပေးရန် လိုအပ်ပါက ကာဒစ်ဖ်အသင်း ပေးချေမည်

ဆာလာ၏ပြောင်းရွှေ့ကြေးအား မဖြစ်မနေပေးရန် လိုအပ်ပါက ကာဒစ်ဖ်အသင်း ပေးချေမည်
နန့်စ်အသင်း၏ကွင်းအပြင်ဘက်၌ ဆာလာအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းများ ချထားစဉ် (Photo: AFP)
နန့်စ်အသင်း၏ကွင်းအပြင်ဘက်၌ ဆာလာအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းများ ချထားစဉ် (Photo: AFP)
Published 14 February 2019

ကာဒစ်ဖ်အသင်းဥက္ကဋ္ဌ မာမက်ဒယ်လ် မန်းက လေယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့သူ ဆာလာ၏ပြောင်းရွှေ့ကြေးအား မဖြစ်မနေ ပေးချေရန်လိုအပ်ပါက ပေးချေသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကာဒစ်ဖ်အသင်းသည် ဆာလာအား ပြင်သစ်ကလပ် နန့်စ်အသင်းထံမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း (ယူရို ၁၇ သန်း) ဖြင့် ခေါ်ယူပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၂၁ ရက် ညပိုင်းတွင် ဖြစ်ရပ်ဆိုး ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ဆာလာသည် ကာဒစ်ဖ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးသော်လည်း နန့်စ်အသင်းက ပထမအရစ်ပေးချေမှုအဖြစ် ယူရိုခြောက်သန်း ပေးချေရန် တောင်းဆိုထားကြောင်း သိရသည်။ ယင်း အခြေအနေနှင့်ပတ်သက်၍ ကာဒစ်ဖ်အသင်း ဥက္ကဋ္ဌ ဒယ်လ်မန်းက ‘‘ကျွန်တော်တို့အနေနဲ့ ပြောင်းရွှေ့ကြေးကို မဖြစ်မနေပေးချေရမယ့် သဘောတူညီမှုရှိထားရင် ပေးချေသွားမှာ ပါ။ ကျွန်တော်တို့က ဂုဏ်သိက္ခာရှိတဲ့ ကလပ်အသင်းပါ။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ အခြေအနေရှိလာရင်တော့ ကျွန်တော်အပါအဝင် အသင်းတာဝန်ရှိသူတွေက ကိုယ့်ရဲ့ရပ်တည်မှုအတွက် လုပ်စရာရှိတာ လုပ်သွားရမှာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အပြုသဘောနဲ့ဖြစ်စေ အနုတ်လက္ခဏာဖြစ်စေ ဘယ်လိုထုတ်ပြန်ချက်မျိုးမှ မထုတ်ပြန်ထားပါဘူး’’ ဟု ဘီဘီစီသတင်းဌာနသို့ ပြောကြားသည်။ ဆာလာ၏ပြောင်းရွှေ့ကြေးကို အသင်းဟောင်းဖြစ်သည့် ဘော်ဒိုးကလည်း ရာခိုင်နှုန်း ၅၀ အထိ ခံစားခွင့်ရှိကြောင်း သိရသည်။

ရေအောက်ရှိ လေယာဉ်အပျက်အစီးအတွင်းမှ ပြန်လည်ဆယ်ယူရရှိထားသည့် ဆာလာ၏ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်း၏ မွေးရပ်မြေဖြစ်သည့် အာဂျင်တီးနားနိုင်ငံ ပရိုဂရက်ဆိုမြို့သို့ ပြန်လည်ပို့ ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၆ ရက်က ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး အင်္ဂလန်နိုင်ငံ ဘုန်း မောက်မြို့သို့ ပို့ဆောင်စစ်ဆေးရာ ဆာလာ၏ ခန္ဓာကိုယ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည့် အပြင် ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။ ဆာလာ၏ ရုပ်အလောင်းကို ပရိုဂရက်ဆိုမြို့ရှိ ဘောလုံးအသင်းအားကစားရုံ၌ ထားရှိမည်ဖြစ်သည်။

Most Read

Most Recent