ဝေးလံခေါင်သီ၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများသို့ ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကို ပိုမိုချထားပေးသင့်ပြီး ဖွံ့ဖြိုးပြီး မြို့ကြီးများတွင် သောက်သုံးရေ၊ ကျေးလက်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများ မလုပ်ဘဲ အခြားလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ရန်ပုံငွေရည်ရွယ်ချက်နှင့် လွဲချော်နေဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

ဝေးလံခေါင်သီ၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများသို့ ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကို ပိုမိုချထားပေးသင့်ပြီး ဖွံ့ဖြိုးပြီး မြို့ကြီးများတွင် သောက်သုံးရေ၊ ကျေးလက်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများ မလုပ်ဘဲ အခြားလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ရန်ပုံငွေရည်ရွယ်ချက်နှင့် လွဲချော်နေဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်နေစဉ်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်နေစဉ်
Published 12 February 2019
စိုးမင်းထိုက်၊ စည်သူ

ဝေးလံခေါင်သီ၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများသို့ ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကို ယခင်ထက်ပိုမို ချထားပေးသင့်ပြီး ဖွံ့ဖြိုးပြီး မြို့ကြီးများတွင် သောက်သုံးရေ၊ ကျေးလက်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများ မလုပ်ဘဲ အခြားလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ရန်ပုံငွေ ရည်ရွယ်ချက်နှင့် လွဲချော်နေဟု ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ  လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ထောက်ပြဆွေးနွေးခဲ့သည်။

ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေစာရင်းများနှင့် ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက်အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပေါ်တွင် ဆွေးနွေးစဉ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေသည် အလွန်အကျိုးရှိသည်မှာ အကြွင်းမဲ့ ယုံကြည်ကြောင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျသည့် ဒေသများတွင် ပြည်သူများအတွက် အကျိုးရှိပြီး မဲဆန္ဒရှင်များအကြားတွင် မျက်နှာရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့အတွက် ဖွံ့ဖြိုးမှု နောက်ကျသည့် ဒေသများသို့  ရန်ပုံငွေတိုးမြှင့်ပေးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း က “တစ်မြို့နယ်လျှင် သန်း ၁၀၀ ထောက်ပံ့သည့်ကိစ္စမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုမှာ လုံးဝ မတူညီနိုင်သည့်အတွက် ရန်ပုံငွေ စီမံခန့်ခွဲသည့်နေရာမှာ မျှတစွာခွဲဝေပေးဖို့ လိုအပ်ပါကြောင်း အကြံပြုတင်ပြလိုပါတယ်။ အထူးသဖြင့် ဝေးလံခေါင်သီသော ဒေသ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသ လျှပ်စစ်မီး မရရှိသေးသော ဒေသ၊ ဖုန်းလိုင်းများ မရှိသေးသောဒေသ၊ သောက်သုံးရေ ရှားပါးသောဒေသ၊ ပညာရေး နည်းပါးသောဒေသ စတဲ့ဒေသတွေမှာ ကျွန်တော်တို့ အခုဝိုင်းဝန်း ဆွေးနွေးနေကြသော ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကို ယခင်ကထက် ပိုမိုချပေးသင့်ပါကြောင်း တင်ပြအပ်ပါတယ်။ လွှတ်တော်ရန်ပုံငွေကို အသုံးပြုတဲ့အခါမှာ  ဦးစားပေး အဆင့်အလိုက် သတ်မှတ်ထားသော နှုန်းထားများ ရှိပါတယ်။ အချို့ တိုးတက်ဖွံ့ဖြိုးနေသော မြို့ကြီးပြကြီးတွေမှာ သောက်သုံးရေနှင့် ရေရရှိရေးလုပ်ငန်း၊ ကျေးလက် လမ်းတံတားများ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများတွင် အသုံးမပြုဘဲ အခြားလုပ်ငန်းများတွင်သာ ဆောင်ရွက်နေခြင်းကို ကြည့်ခြင်းအားဖြင့် လွှတ်တော်ရန်ပုံငွေ ထောက်ပံ့နေခြင်း ရည်ရွယ်ချက်နဲ့ လွဲချော်နေတယ်ဆိုတာ သုံးသပ်လို့ရပါတယ်”ဟု ဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ပြည်သူများအား တိုက်ရိုက် အကျိုးမပြုသည့်လုပ်ငန်းများကို စစ်ဆေးတွေ့ရှိရသည်ဟု ဖော်ပြထားကြောင်း၊ ယင်းသို့ ဖော်ပြထားသည့်အတွက် မြို့ကြီးများတွင်  လွှတ်တော်ရန်ပုံငွေသည် အကျိုးမဖြစ်ထွန်းဘူး ဆိုသည်မှာ ထင်ရှားပေါ်လွင်နေကြောင်း၊ ထို့အတွက် ဖွံ့ဖြိုးမှုနိမ့်ကျသည့် ဒေသများအား ရန်ပုံငွေပိုမို ချထားပေးသင့်ကြောင်း ၎င်းက ဆွေးနွေးခဲ့သည်။

“အများပြည်သူအတွက် တိုက်ရိုက်အကျိုးမရှိသော လုပ်ငန်းများခေါင်းစဉ် အစီရင်ခံစာ အပိုဒ် ၂၈၊ ဇယား ၅ တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့တွင် ကျပ်သန်း ၁၉ ဒသမ ၇၂၀ ဖြင့် စီစီတီဗွီ အလုံး ၁၀၀ တပ်ဆင်ခြင်းမှာ နောက်ဖေး လမ်းကြားများတွင် တပ်ဆင်ခြင်းဖြစ်ပြီး အမှိုက်များပစ်ခြင်းအား ဟန့်တားနိုင်မှု မရှိသည့်အပြင် အမြင့်မှ အမှိုက်များပစ်ချတဲ့အတွက်ကြောင့် ကင်မရာများ ပျက်စီးခြင်း လုံခြုံရေးအတွက် ထိရောက်မှုမရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် မြို့ကြီးပြကြီးတွေမှာ လွှတ်တော်ရန်ပုံငွေဟာ အကျိုးမဖြစ်ထွန်းစေဘူး ဆိုတာ ထင်ရှား ပေါ်လွင်စေပါတယ်။ ထို့အတွက်ကြောင့် ဖွံ့ဖြိုးမှုနိမ့်ကျနေသော မြို့ရွာဒေသတွေမှာ ယခင်ကထက် ထောက်ပံ့ငွေ တိုးမြှင့်ပေးဖို့ လွှတ်တော်ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့မှ သက်ဆိုင်ရာလူကြီးမင်းများ စဉ်းစားသင့်ပြီ ဆိုတာကို မီးမောင်းထိုးပြလိုပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ပြောကြားသည်။ 

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေသည် ကျေးရွာအတွက် ထိရောက်မှုရှိပြီး ဖွံ့ဖြိုးမှုနိမ့်ကျသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် စသည့်ဒေသများကို ရန်ပုံငွေတိုးမြှင့်ပြီး မျှတမှုကို အခြေခံ၍ ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ပြောကြားသည်။