မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ဦးတည်ကြိုးပမ်းနေချိန်တွင် ကွန်ဖက်ဒရေးရှင်းဟူသော သီးခြားလွတ်လပ်သည့်နိုင်ငံ ထူထောင်လိုကြောင်း အသံများ ထွက်ပေါ်လာပြီး ကွန်ဖက်ဒရေးရှင်းသည် NCA ၏ မူလရည်မှန်းချက်ကို သွေဖည်ရာရောက်ကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း အန္တရာယ် ဖြစ်စေသည်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းထွန်းက ပြောကြားသည်။
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုဌာနချုပ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနား မစတင်မီ ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် သတင်းမီဒီယာများ တွေ့ဆုံစဉ် တစညပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးရဲ့ လမ်းပြမြေပုံမှာပါတဲ့ ရည်ရွယ်ချက်မှာ နောက်ဆုံး ရည်ရွယ်ချက်က ဘာလဲဆိုတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ဖို့ အဲဒီတော့ ဒီလိုအခြေအနေကို ဦးတည်ကြိုးပမ်းနေတဲ့ အခါမှာ ကွန်ဖက်ဒရေးရှင်းလို့ သီးခြားလွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့ဆိုတဲ့ ဒီအသံတွေ ထွက်လာပါတယ်။ ဒီလိုကြေညာသံတွေ ထွက်လာပါတယ်။ အဲဒီတော့ ဒါတွေဟာ မူလရည်မှန်းထားတဲ့ NCA ရဲ့ ရည်မှန်းချက်။ ဒီ NCA က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုထားတာ။ အဲဒီရဲ့ ရည်မှန်းချက်တွေကို သွေဖည်ရာ ရောက်ပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အတွက် အန္တရာယ် ဖြစ်စေတယ်” ဟု ပါတီအထွေထွေ အတွင်းရေးမှူး ဦးသိန်းထွန်းက ပြောကြားသည်။
ရည်မှန်းထားသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်ပြီး သွားရမည့် အချိန်တွင် သီးခြား လွတ်လပ်သောနိုင်ငံ ထူထောင်လိုမှုသည် ကွဲလွဲမှုများကို ဖြစ်စေနိုင်သည့် အန္တရာယ်ရှိသည့်အတွက် အဆိုပါကိစ္စကို ဆောင်ရွက်ရန် မလိုကြောင်းလည်း ဦးသိန်းထွန်းက ပြောကြားသည်။
ထို့ပြင် NCA လုပ်ငန်းစဉ် ခုနစ်ရပ်အား ဆက်လက် အကောင်အထည် ဖော်နိုင်ရေးအတွက် ငြိမ်းချမ်းရေး ကော်မရှင်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အလွတ်သဘော ဆွေးနွေးမှုများဖြင့်သာ ဆောင်ရွက်နေပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေး ပြီးဆုံးပြီးနောက် အကြောင်းကြောင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းရပ်တန့်နေသည် ဟုလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဥက္ကဋ္ဌ ဦးသန်းတင်က ယခုအခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။
လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အဓွန့်ရှည်ကြာ ခိုင်ခံ့တည်မြဲရေးသည် လွတ်လပ်ရေး သက်တမ်းနှင့်အတူ ရှည်ကြာနေသည့် ပြည်တွင်းစစ်ရေး ပဋိပက္ခများ ချုပ်ငြိမ်း၍ နိုင်ငံတစ်ဝန်း ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး ဖြစ်ထွန်းရေးနှင့် ဆက်နွှယ်လျက် ရှိသည်ဟုလည်း တစညပါတီဥက္ကဋ္ဌ ဦးသန်းတင်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှင်သန်စွာ ဆောင်ရွက်နိုင်ရေး၊ ဒေသလုံခြုံ အေးချမ်းရေးနှင့် နယ်မြေဖွံ့ဖြိုးရေးတို့အတွက် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲခြင်းဖြစ်ပြီး အဆိုပါ ကြေညာချက်ကို ကြိုဆိုထောက်ခံကြောင်း၊ တပ်မတော်က ထိုသို့အပစ်ရပ် ကြေညာပြီးသည့် နောက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က လုံခြုံရေးစခန်း လေးခုကို တိုက်ခိုက်ခဲ့ပြီး AA အဖွဲ့၏ အဆိုပါလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်းလည်း အဆိုပါ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။
ယနေ့ခေတ်ကာလတွင် ရခိုင်ပြည်နယ် အရေးကို အခြေပြု၍ မြန်မာနိုင်ငံနှင့် တစ်မျိုးသားလုံးကို အန္တရာယ်ပြု ခြိမ်းခြောက်လျက်ရှိသည့် စိန်ခေါ်မှုများကို ပင်လုံစာချုပ် သဘောတူ ချုပ်ဆိုစဉ်က ကြိုးပမ်းစုစည်း တည်ဆောက်ခဲ့သော တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေခံဖြင့် ဆန့်ကျင်အန်တု ကျော်လွှားရမည် ဖြစ်ကြောင်း အဆိုပါ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။