ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် တစ်လလစာအများဆုံးရဘောလုံးသမားအဖြစ် ရပ်တည်နေကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။
L'Equipe သည် လက်ရှိဥရောပတွင် လစာအများဆုံးရရှိနေသည့် ဘောလုံးသမား (၁၀)ဦးကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး အသက် (၃၁)နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာအသင်း၌ အခွန်မဆောင်မီ တစ်လလစာ ယူရို (၇.၃) သန်းအထိ ရရှိနေကြောင်း သိရသည်။
မက်ဆီ၏ တစ်လလစာမှာ ဒုတိယနေရာမှ ဂျူဗင်တပ်စ်အသင်း၏ ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုထက် (၂)နီးပါး အထိ ရှိနေသည်။ စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းတွင် အခွန်မဆောင်မီ တစ်လလစာ ယူရို (၄.၁)သန်း ရရှိနေသည်။
တတိယနေရာတွင်မူ အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဂရီးဇ်မန်းက အံ့အားသင့်ဖွယ်ရပ်တည်နေသည်။ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီက စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းကြောင့် အက်သလက်တီကိုအသင်းတွင် တစ်လလစာ ပေါင် (၂.၉)သန်းအထိ ရရှိနေသည်။
ဂရီးဇ်မန်းနောက်တွင် PSG အသင်း၏ ဘရာဇီးလ်အသင်းခေါင်းဆောင် နေမာက တစ်လလစာ ပေါင် (၂.၇)သန်းဖြင့် ရပ်တည်နေသည်။ အဆင့် (၅)နေရာတွင်မူ ဘာစီလိုနာအသင်း၏ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က တစ်လလစာ ပေါင် (၂.၅)သန်း ဖြင့် ရှိနေသည်။
ဆွာရက်ဇ်နောက်တွင် ရီးယဲလ်အသင်းတောင်ပံကစားသမား ဂါရတ်ဘေးလ်၊ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟို၊ မန်ယူအသင်းတောင်ပံကစားသမား ဆန်းချက်ဇ်၊ PSG လူငယ်တိုက်စစ်မှူး ဘာပေနှင့် အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်တို့က အဆင့် (၆)မှ အဆင့် (၁၀)အတွင်း အစဉ်လိုက်ရပ်တည်နေသည်။
■ တစ်လလစာအများဆုံးရ ဘောလုံးသမား (၁၀) ဦး
မက်ဆီ (ဘာစီလိုနာ) - ပေါင် (၇.၃)သန်း
စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ်) - ပေါင် (၄.၁)သန်း
ဂရီးဇ်မန်း (အက်သလက်တီကို) - ပေါင် (၂.၉)သန်း
နေမာ (PSG) - ပေါင် (၂.၇)သန်း
ဆွာရက်ဇ် (ဘာစီလိုနာ) - ပေါင် (၂.၅)သန်း
ဂါရတ်ဘေးလ် (ရီးယဲလ်မက်ဒရစ်) - ပေါင် (၂.၂)သန်း
ကော်တင်ဟို (ဘာစီလိုနာ) - ပေါင် (၂)သန်း
ဆန်းချက်ဇ် (မန်ယူ) - ပေါင် (၂)သန်း
ဘာပေ (PSG) - ပေါင် (၁.၅)သန်း
အိုဇေးလ် (အာဆင်နယ်) - ပေါင် (၁.၄)သန်း