မြန်မာလုံခြုံရေးတပ်များနှင့် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှ ဒုက္ခသည်များ ထပ်မံရောက်ရှိလာမှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံကို ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၅ ရက် အနှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ကာ ရခိုင်ပြည်နယ်မှ ရောက်ရှိလာသူများနှင့် ပတ်သက်၍ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံရောက်ရှိလာသူများမှာ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများနှင့် အခြားတိုင်းရင်းသား လူမျိုးများဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“အရေအတွက်က တက်လာနေပါတယ်။ လူတချို့ဟာ နယ်စပ်မှာ စောင့်ဆိုင်းနေဆဲဖြစ်ပြီး သူတို့ နိုင်ငံထဲကို ဝင်လာကောင်း ဝင်လာနိုင်ပါတယ်။ ကျွန်တော်တို့က သူတို့ကို (မြန်မာနိုင်ငံကို) အကြမ်းဖက်မှုတွေ ရပ်စဲသွားအောင် ထိရောက်တဲ့ အရေးပေါ်ခြေလှမ်းတွေ လှမ်းဖို့ တောင်းဆိုလိုက်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အရာရှိတစ်ဦးက ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက်ရှိ ဘန်ဒါဘန်းခရိုင် တောင်ကုန်းဒေသကို ဖြတ်ကျော် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၇ ခုနှစ် သြဂုတ်လမှစ၍ ရောက်ရှိလာသော ဘင်္ဂါလီမွတ်စလင် ဒုက္ခသည် ၇၄၀,၀၀၀ ကိုလည်းကောင်း၊ ယင်းမတိုင်မီ ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အစောပိုင်း အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသူ ၃၀၀,၀၀၀ ကိုလည်းကောင်း လက်ခံထားရသည်ဟု ဆိုသည်။
လွန်ခဲ့သည့် ၁၈ လက ဘင်္ဂါလီ မွတ်စလင်များကို ထွက်ပြေးစေခဲ့သော မြန်မာတပ်မတော်နှင့် ယခုအခါ တိုက်ပွဲများ ဖြစ်ပွားနေသည့်အဖွဲ့မှာ AA လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
AA လက်နက်ကိုင်အဖွဲ့သည် ဇန်နဝါရီ ၄ ရက်တွင် နယ်စပ်ရှိ ရဲစခန်းများကို စီးနင်းတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၃ ဦး သေဆုံးခဲ့သည်။
မြန်မာတပ်မတော်၏ တန်ပြန်တိုက်ခိုက်မှုတွင် AA လက်နက်ကိုင် ၁၃ ဦး သေဆုံးခဲ့သည်ဟု တပ်မတော်က ပြောကြားခဲ့ပြီး အကြမ်းဖက်မှုများကြောင့် နေအိမ်များကို စွန့်ခွာ ထွက်ပြေးလာရသူပေါင်းသည် ၅,၂၀၀ ထက်မနည်း ရှိမည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ပဋိပက္ခဖြစ်ပွားရာဇုန်သည် လုံးဝပိတ်ဆို့ထားသည့် နေရာဖြစ်နေသောကြောင့် သေဆုံးသူ အရေအတွက် အတိအကျကို သိရှိရန် မဖြစ်နိုင်ဟု ဆိုသည်။
၂၀၁၂ ခုနှစ်မှ စတင်၍ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီမွတ်စလင်များ အလုံးအရင်းဖြင့် ထွက်ပြေးခဲ့ကြသည့် ရခိုင်ပြည်နယ်အတွက် ယခုတိုက်ပွဲများက ရှုပ်ထွေးမှုအသစ်များကို ထပ်မံဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။
ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးစေခဲ့သည့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော တာဝန်ယူဆောင်ရွက်မှုများကို ပြသရမည်ဟု ဖေဖော်ဝါရီ ၅ ရက်တွင် ဟောလိဝုဒ် စူပါစတားမင်းသမီး အိန်ဂျလီနာဂျိုလီက ပြောကြားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခုကဲ့သို့ မြန်မာနိုင်ငံအား ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂါလီ မွတ်စလင်ဒုက္ခသည်များအတွက် အသုံးပြုရန် အမေရိကန်ဒေါ်လာ တစ်ဘီလျံခန့်ကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ထပ်မံလှူဒါန်းကြရေး စတင်လှုံ့ဆော်ရန် ကုလသမဂ္ဂက ပြင်ဆင်လျက်ရှိသည်။