ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ ပိုမိုအဓိပ္ပာယ်ရှိသောပါဝင်မှု မြင့်မား လာစေရေးအတွက် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြင်ဆင်ရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များထံ ပေးပို့သွားမည်ဟု အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်လုပ်ငန်း ကော်မတီဝင်များက ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်မြို့ Orchid Hotel ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားသည်။
“လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေနှင့် အနာဂတ်မြန်မာနိုင်ငံတော်” ဆိုသည့် ခေါင်းစဉ်ဖြင့် ၂၁ ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်ကို ရန်ကုန် မြို့ရှိ Orchid Hotel တွင် ဖေဖော်ဝါရီ ၄ ရက် နှင့် ၅ ရက်က ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ အရပ်ဘက် အဖွဲ့အစည်းနှင့် အရပ်ဘက်ကွန်ရက် ၁၀၇ ဖွဲ့မှ ကိုယ်စားလှယ် ၁၈၈ ဦး တက်ရောက်ကြကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် အရပ်ဘက်အဖွဲ့အစည်းများကို ပါဝင်ခွင့် ပြုထားသော်လည်း ကဏ္ဍငါးရပ် ရှိသည့်အနက် ကဏ္ဍသုံးရပ်တွင်သာ ဝင်ရောက်ဆွေးနွေးခွင့် ပြုထားသောကြောင့် ကျန်သည့် ကဏ္ဍနှစ်ရပ်တွင် ပါဝင်ဆွေးနွေးနိုင်ရေး တောင်းဆိုခြင်းဖြစ်ကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် လုပ်ငန်းကော်မတီဝင်များ က ပြောကြားသည်။
“အရပ်ဘက် အဖွဲ့အစည်းတွေကို ပါဝင်ခွင့်ပြုတယ်။ သို့သော် ဘယ်လို ပါဝင်ခွင့်ပြုထားလဲဆိုတော့ ကျွန်တော်တို့ကို ရေငုံနှုတ်ပိတ် နေခိုင်းထားတယ်။ ဘာမှပြောလို့မရဘူး။ နောက်တစ်ခါကျတော့ ကျွန်တော်တို့ကို ဆွေးနွေးဖို့ကို သုံးချက်ပဲ ပေးထားတယ်။ နိုင်ငံရေး ဆွေးနွေးမှုမျိုးတွေ မလုပ်ရဘူး။ ဒီကိစ္စရပ်တွေ အားလုံးက နိုင်ငံရေးနဲ့ပဲ လာပြီးတော့ ပတ်သက်နေတယ်။ Gender ပဲဖြစ်ဖြစ်၊ Security ပဲ ဖြစ်ဖြစ်၊ ဖက်ဒရယ်ပဲ ဖြစ်ဖြစ် ဒါတွေအားလုံး က နိုင်ငံရေးနဲ့ အကျုံးဝင်နေတဲ့ ကိစ္စတွေဖြစ်နေတယ်။ ဒါပေမဲ့ နိုင်ငံရေး မူဘောင်ထဲမှာ ထည့်ပြီးတော့ ဆွေးနွေးခွင့်မပြုထားတဲ့အခါ ကျတော့ ဒီမူဘောင်ထဲကပဲ ဆွေးနွေးရတဲ့အခါမှာ အောက်ခြေမှာ လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ကျွန်တော်တို့ CSO တွေရဲ့ အသံဟာ အပေါ်ကို ကောင်းကောင်း မရောက်နိုင်ဘူး။ ဒါကြောင့် ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်” ဟု ဖိုရမ်လုပ်ငန်းကော်မတီဝင် ဦးခင်မောင်ဝင်းက ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးရန် ကဏ္ဍကြီးငါးရပ် သတ်မှတ်ထားရာ အရပ်ဘက် အဖွဲ့အစည်းများက စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့်ကဏ္ဍများတွင် ဝင်ရောက် ဆွေးနွေးခွင့်ရှိပြီး နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍများကိုတော့ ပါဝင်ဆွေးနွေးခွင့် မရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်ငြိမ်းချမ်းရေးကို ဦးတည်လျက် နှစ်ဖက်သဘောတူ လက်မှတ်ထိုးထားသည့် စာချုပ်များကို လေးစားလိုက်နာရန်၊ NCA စာချုပ် ကြားကာလ အစီအစဉ်များကို အပစ်ရပ်ဒေသတိုင်းတွင် တိကျစွာ ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ လုပ်ဆောင်နေမှုများကို အသိအမှတ်ပြုပြီး လိုအပ်ချက်များနှင့်အညီ ပ့ံပိုးကူညီပေးရန် အရပ်ဘက် လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်က တိုက်တွန်းသည်။ အစိုးရအနေဖြင့်လည်း တရားဥပဒေ စိုးမိုးရေးကို အဆင့်တိုင်းတွင် အကောင်အထည်ဖော်ရန်၊ ရင်းနှီးမြုပ်နှံမှုနှင့်ဆိုင်သည့် ဥပဒေလုပ်ငန်းစဉ်များကို ပြည်သူအား ကျယ်ပြန့်စွာ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိရောက်စွာ ပ့ံပိုးနိုင်ရေး၊ အရပ်ဘက် အဖွဲ့အစည်းများ ဦးဆောင်သည့် ဆွေးနွေးပွဲများ ကျယ်ပြန့်စွာ ပေါ်ပေါက်ရေး ရည်ရွယ်ချက်များဖြင့် ကွန် ရက်သဖွယ် ဖွဲ့စည်းထားသည့် အရပ်ဘက် လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ် ပထမအကြိမ်ကို ၂၀၁၂ သြဂုတ်လတွင် စတင်ကျင်းပသည်ဟု သိရသည်။