အင်ဒိုနီးရှား ငလျင်-ဆူနာမီအတွင်း သေဆုံးသူ ၂၀၀၀ နီးပါးအထိ မြင့်တက်လာ

အင်ဒိုနီးရှား ငလျင်-ဆူနာမီအတွင်း သေဆုံးသူ ၂၀၀၀ နီးပါးအထိ မြင့်တက်လာ
အောက်တိုဘာ ၈ ရက်တွင် အလယ်ပိုင်း ဆူလာဝေဆီရှိ ပီတိုဘိုမြို့တွင် ယန္တရားကြီးများဖြင့် ရှာဖွေမှု ပြုလုပ်နေစဉ် (Photo: AFP)
အောက်တိုဘာ ၈ ရက်တွင် အလယ်ပိုင်း ဆူလာဝေဆီရှိ ပီတိုဘိုမြို့တွင် ယန္တရားကြီးများဖြင့် ရှာဖွေမှု ပြုလုပ်နေစဉ် (Photo: AFP)
Published 8 October 2018
Ref: AFP

အင်ဒိုနီးရှားနိုင်ငံရှိ သဘာဝဘေးအန္တရာယ်သင့် ပါလူမြို့ထဲမှ ရှာတွေ့ခဲ့သည့် အလောင်းအရေအတွက်သည် ၂၀၀၀ နီးပါး ရှိနေပြီဟု အစိုးရအရာရှိတစ်ဦးက အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် အင်အားပြင်းငလျင်နှင့် ဆူနာမီကြောင့် ပျက်စီးခဲ့ရသည့် ဟိုတယ် တစ်လုံးထဲမှ ရှာဖွေမှုများကို ရပ်ဆိုင်းလိုက်ပြီဟု သိရသည်။ 

ဆူလာဝေဆီကျွန်း၌ ဖြစ်ပွားခဲ့သည့် သဘာဝဘေးကြီးနှစ်ခုကြောင့် ကျွန်းပေါ်ရှိ ပင်လယ်ကမ်းခြေမြို့ပါလူတွင် ရပ်ကွက်လိုက် ပျောက်သွားခဲ့ကြပြီး သေဆုံးသူဦးရေ ၁၉၄၄ ဦးအထိသို့ ရောက်ရှိလာပြီဟု ဒေသဆိုင်ရာ စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် အမ်သိုယာက ပြောကြားခဲ့သည်။ “အလောင်းတွေကို ရှာတာရပ်ဖို့ အမိန့်မရသေးတဲ့အတွက် ဒီအရေအတွက်ဟာ ထပ်ပြီးမြင့်တက်လာနိုင်ခြေ ရှိပါတယ်” ဟု ပါလူငလျင်အတွက် တာဝန်ကျအရာရှိတစ်ဦးဖြစ်သည့် သိုယာက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် သဘာဝဘေးအတွင်း ပါလူမြို့ပေါ်မှ အထိအနာဆုံးနေရာနှစ်ခု၌ လူ ၅၀၀၀ ခန့် ပျောက်နေသေးသည်ဟု အာဏာပိုင်တို့ကဆိုသဖြင့် လက်ရှိသေဆုံးသူ အရေအတွက်မှာ အများအပြား ထပ်မံမြင့်တက်လာဦးမည့် သဘောဖြစ်သည်။ စာရင်းပျောက်နေသူများကို အစိုးရက အောက်တိုဘာ ၁၁ ရက်အထိ ဆက်လက် ရှာဖွေမည်ဖြစ်ပြီး ယင်းနောက်ပိုင်း မတွေ့သေးသူများကို ပျောက်ဆုံး၊ သေဆုံးပြီဟု စာရင်းသွင်းမည်ဟု သိရသည်။

သို့သော် ကွန်ကရစ်ပုံကြီးအဖြစ် ပျက်စီးသွားသော Roa-Roa ဟိုတယ်အား ရှာဖွေမှုကိုမူ ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ထိုဟိုတယ်မှ အသက်ရှင် ကျန်ရစ်သူခုနှစ်ဦးကို ရှာတွေ့ခဲ့သဖြင့် အစောပိုင်းက မျှော်လင့်ချက်များ မြင့်တက်ခဲ့သော်လည်း နောက်ပိုင်း၌ အလောင်းများကိုသာ တွေ့ခဲ့ရသည်။ ဟိုတယ်တွင်းမှ သေဆုံးသူများအနက် အာရှအားကစားပွဲမှ အားကစားသမားတစ်ဦးနှင့် တောင်ကိုရီးယားတစ်ဦးတို့ ပါဝင်နေသည်။ ယင်းတောင်ကိုရီးယားသည် ယခုဖြစ်စဉ်၌ သေဆုံးခဲ့ရသည့် တစ်ဦးတည်းသော နိုင်ငံခြားသားဖြစ်သည်။

ပါလူမြို့ရှိ အပျက်အစီးများထဲမှ အလောင်းများကို ဆွဲထုတ်ရခြင်းသည် ရွှံ့နွံများ၊ ပူပြင်းသော ရာသီဥတုကြောင့် ပုပ်သိုးလာသည့် အလောင်းများကြောင့် ကယ်ဆယ်ရေးသမားများအတွက် ပိုမိုခက်ခဲလာလျက် ရှိသည်။ အစိုးရကမူ လုံးလုံးပျက်စီးသွားသည့် အချို့နေရာများကို မရှာဖွေတော့ဘဲ သင်္ချိုင်းကြီးများအဖြစ် ကြေညာလိုက်မည်ဟု ပြောနေသည်။ သို့သော် ထိုနေရာမှ အသက်ရှင်ကျန်သူများအတွက် မည်သည့်နေရာ၌ သွားနေရမည်ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပြန်သည်။ 

လက်ရှိအချိန်အထိ ပါလူတွင် အစားအစာနှင့် သန့်ရှင်းသောရေမှာ ပြတ်လပ်နေဆဲဖြစ်ပြီး ယင်းတို့ထဲမှ အများအပြားသည် အကူအညီပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုရမည့် အခြေအနေ ဖြစ်နေသည်။ 

Most Read

Most Recent