ဥပဒေပြု လွှတ်တော်ကြီးအနေဖြင့် ကလေးသူငယ်များ၏ အကျိုးစီးပွားကို အမှန်တကယ် အကာအကွယ်ပေးလိုပါက ထိရောက်စွာ ကာကွယ်နိုင်မည့်အချက်များကို ဥပဒေကြမ်းတွင် မဖြစ်မနေ ထည့်သွင်းပြဋ္ဌာန်းရမည်ဖြစ်ပြီး လက်ထပ် ထိမ်းမြားနိုင်သည့် အသက်အား ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်ဟု ပြင်ဆင် ပြဋ္ဌာန်းသင့်ဟု တပ်မတော်သား ကိုယ်စားလှယ်များ ဆွေးနွေးခဲ့သည်။
ဖေဖေါ်ဝါရီ ၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး တပ်မတော်သား ကိုယ်စားလှယ်များမှ ယင်းကဲ့သို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးနိုင်ဦးက ဥပဒေပြုလွှတ်တော်မှ ပြဋ္ဌာန်းသည့် ဥပဒေတိုင်းသည် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ရည်မှန်းချက်များကို အထောက်အကူပြုနေရမည် ဖြစ်ကြောင်း၊ ထိုမှသာ ဥပဒေပြု မဏ္ဍိုင်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့သည် ဟန်ချက်ညီနေမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးနိုင်ဦးက “အခု ဥပဒေကြမ်းမှာ အထက်ပါ ရည်မှန်းချက်များနှင့် သဟဇာတမဖြစ်သည့် လက်ထပ်ထိမ်းမြားခြင်းနှင့် သက်ဆိုင်တဲ့ အခန်း (၇) အပိုဒ် ၂၃ ပါ အဆိုပြုပြဋ္ဌာန်းချက်အား “အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ လက်ထပ်ထိမ်းမြားနိုင်တဲ့ အသက်ဟာ ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်”ဆိုတဲ့ စကားရပ်နဲ့ အစားထိုး ပြင်ဆင်လိုပါတယ်။ ကလေးသူငယ်တွေ အရွယ်မတိုင်မီ အိမ်ထောင်မပြုရေးအတွက် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ရှုထောင့်အသီးသီးမှ ခြုံငုံသုံးသပ်၍ ဆွေးနွေးလိုပါတယ်။ “မီးဘေးရှောင် မလောင်ခင်တား” ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ မီးကို လောင်ပြီးမှ ငြိှမ်းတာထက် မလောင်ရအောင် ကြိုတင်ကာကွယ်တာက ပိုပြီးထိရောက်မှု ရှိပါတယ်။ သာမန်အားဖြင့် လက်ထပ်ထိမ်းမြားခြင်းကိစ္စဟာ ကလေးသူငယ်တွေနဲ့ မသက်ဆိုင်ဘူးလို့ ယေဘုယျယူဆလို့ ရကောင်း ရနိုင်ပါလိမ့်မယ်။ သို့သော်လည်း ကျွန်တော်တို့ ဥပဒေပြုလွှတ်တော်ကြီးအနေနဲ့ ကလေးသူငယ်တွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် အကာအကွယ်ပေးလိုတယ်ဆိုရင် နိုင်ငံတော်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လိုတယ် ဆိုရင်တော့ အနာဂတ် ခေါင်းဆောင်လောင်းတွေဖြစ်ကြတဲ့ ကလေးသူငယ်တွေရဲ့ အကျိုးစီးပွားကို ထိရောက်စွာ အကာအကွယ်ပေးနိုင်မယ့် အချက်တွေကို ဒီဥပဒေကြမ်းမှာ မဖြစ်မနေ ထည့်သွင်းပြဋ္ဌာန်းရမယ်လို့ တိုက်တွန်းလိုပါတယ်” ဟု ဆွေးနွေးခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သဇင်လှိုင်က အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင် မိခင်များမှ မွေးဖွားလာသည့် ကလေးငယ်များတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားလွယ်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု နောက်ကျရန် ဖြစ်နိုင်ခြေများခြင်း စသည့်အချက်များကို Systematic Review များအရ သိရှိရကြောင်း၊ မိဘမဲ့ ကလေးများ ပိုမိုများပြားလာခြင်းမှာလည်း အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ရပ်ဖြစ်သည်ကို လေ့လာသိရှိရကြောင်း၊ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းကြောင့် မိခင်နှင့် ကလေးသေဆုံးမှုနှုန်း များပြားလာခြင်း၊ မိခင်ရော၊ ကလေးပါရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျသည့် ကလေးများကို ဖွေးဖွားလာနိုင်သည့်အတွက် လည်းကောင်း၊ ယခု ဥပဒေကို ရေးဆွဲသည့်အခါတွင် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းကြောင့် မွေးဖွားလာသည့် ကလေးငယ်များတွင် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကိုလည်း ထည့်သွင်းစဉ်းစားပြီး ရေးဆွဲစေလိုသည့် အတွက်ကြောင့် လည်းကောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ဖြစ်သည့်အားလျော်စွာ ကလေးသူငယ်များ၏ အခွင့်အရေများကို ထိထိရောက်ရောက် ဆောင်ရွက်စေလိုသည့် အတွက်ကြောင့်လည်းကောင်း၊ ဥပဒေကြမ်း၏ ထိမ်းမြားလက်ထပ်ခြင်းနှင့် သက်ဆိုင်သည့် အခန်း ၇၊ အပိုဒ် ၂၃ ပါ ပြဋ္ဌာန်းချက်အစား “အမျိုးသားနှင့် အမျိုးသမီးတို့၏ လက်ထပ်ထိမ်းမြားနိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်”ဟူသည့် စကားရပ်ဖြင့် ပြင်ဆင်လိုကြောင်း ဆွေးနွေးခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်ဝင်းသီရိဆွေနှင့် ဗိုလ်ကြီးဒေါ်သန်းသန်းဝင်းတို့ကလည်း ဥပဒေကြမ်းပါ အပိုဒ် ၂၃ ၏ အဆိုပြုပြဋ္ဌာန်းချက်အစား “အမျိုးသား နှင့် အမျိုးသမီးတို့ ထိမ်းမြားလက်ထပ်နိုင်သော အသက်သည် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်” ဟု ပြင်ဆင့်သင့်ကြောင်း ကျန်းမာရေးရှုထောင့်များဖြင့် ဆွေးနွေးခဲ့သည်။
ယင်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦး ဆွေးနွေးချက်များအား ပြန်လည်ကြားနာရန် ဥပဒေကြမ်းကော်မတီကို လွှဲအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။