■ အာဆင်နယ် ၂-၀ ချယ်လ်ဆီး
ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) စနေညရဲ့ နောက်ဆုံးပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက ချယ်လ်ဆီးအသင်းကို အိမ်ကွင်းအီမရိတ်စ်မှာ (၂-၀) ဂိုးနဲ့အနိုင်ယူပြီး ပထမအကျော့ရှုံးကြွေးကို ဆပ်နိုင်ခဲ့ပါတယ်။
ဒီပွဲမတိုင်ခင်မှာ မန်ယူအသင်းရဲ့ကျော်တက်ခြင်းကိုခံခဲ့ရပြီး ဖိအားများနေတဲ့ နည်းပြအမ်မရီနဲ့ အာဆင်နယ်အတွက်ကတော့ ကျေနပ်စရာနိုင်ပွဲဖြစ်ခဲ့ပြီး အသင်းအနေနဲ့လည်း အဆင့် (၅) နေရာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
လန်ဒန်ဒါဘီပွဲဖြစ်သလို မန်ယူအသင်းရဲ့ဖိအားပေးမှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုနေတဲ့ အနေအထားမှာ နှစ်သင်းစလုံး ဒီပွဲကို အကောင်းဆုံးပြင်ဆင်လာခဲ့ပါတယ်။
ဒီနေ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်လုပ်အားနှုန်းက ပြောစရာမရှိအောင်ကောင်းမွန်ခဲ့ပြီး ပတ်ဒရို၊ ဟာဇက်၊ ဝီလီယံတို့လို ချယ်လ်ဆီးရဲ့တိုက်စစ်သွေးကြောအားလုံးကို အကောင်းဆုံးဟန့်တားနိုင်ခဲ့တာက ဒီနေ့နိုင်ပွဲအတွက် အဓိကသော့ချက်ပါပဲ။
ဆာရီဟာ ဟာဇက်ကို တိုက်စစ်မှာ ဦးတည်ထားခဲ့ပြီး ကစားကွက်ကျပ်သွားချိန်မှာ ဟာဇက်ရဲ့တစ်ကိုယ်တော်ထိုးဖောက်မှုတွေကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဂျော်ဂျင်ဟိုဟာ ဒီနေ့ပွဲမှာလည်း အသင်းကိုကွင်းလယ်ပိုင်းကနေ ကြီးမားတဲ့ထောက်ပံ့မှုမပေးနိုင်ခဲ့သလို၊ ကိုဗာချစ်နဲ့ တွဲဖက်မှုမှာလည်း အလုပ်မဖြစ်ခဲ့ပါဘူး။
ပွဲစကတည်းက ဖိဖိစီးစီးကစားတဲ့ အာဆင်နယ်အသင်းဟာ ပွဲချိန် (၁၄) မိနစ်မှာပဲ အဖွင့်ဂိုးရသွားခဲ့ပြီး ဘယ်လာရင်ရဲ့ပေးပို့မှုကနေ လာကာဇက်က သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ လာကာဇက်အတွက် ဒီရာသီမှာ လန်ဒန်ပြိုင်ဘက်တွေကို သွင်းယူခဲ့တဲ့ (၅) ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။
ဂိုးစောစောပေးလိုက်ရလို့ ချယ်လ်ဆီးကစားပုံပြာသွားခဲ့ပြီး အာဆင်နယ်အသင်းကပဲ ဘောလုံးကိုလိုသလိုထိန်းချုုပ်ကစားခဲ့သလို အတင်းဝင်အတင်းဖျက်ပုံစံနဲ့ ချယ်လ်ဆီးအသင်းကို အခွင့်အရေးလုံးဝမပေးခဲ့တာပါ။
ချယ်လ်ဆီးအသင်းအတွက် ဖိအားပိုဖြစ်သွားစေတာက ပွဲချိန် (၃၉) မိနစ်မှာ ဒုတိယဂိုးပေးလိုက်ရတာဖြစ်ပြီး ဆိုကရာတစ်ရဲ့ ပေးပို့မှုကနေ ကိုစီယဲလ်နီ ခေါင်းတိုက်ရာမှာ ပုခုံးနဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်း အာဆင်နယ်အသင်းက (၂-၀) ဂိုးနဲ့အနိုင်ရနေပြီး ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်း ချေပဂိုးအတွက် ပိုဖိဖိစီးစီးကစားလာခဲ့လို့ ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီးအသင်းရဲ့ ဂိုးရဖို့ကြိုးပမ်းမှုတွေနဲ့ တိုက်စစ်ဆင်မှုတွေဟာ ထိရောက်မှုမရှိခဲ့ဘဲ အာဆင်နယ်ဂိုးသမားလေနိုအနေနဲ့ ခက်ခဲတဲ့ ကာကွယ်မှုတွေတောင် မပြုလုပ်ခဲ့ရပါဘူး။
ချယ်လ်ဆီးအသင်းအနေနဲ့ ဘာကလေ၊ ဂျရူး၊ အိုဒွိုင်းတို့ကို ထည့်သွင်းကာ တိုက်စစ်ပိုင်းအပြောင်းအလဲလုပ်ပြီး ချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းမာကျောမှုကိုတော့ မကျော်ဖြတ်နိုင်ခဲ့လို့ ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ အာဆင်နယ်အသင်းက အိမ်ကွင်းမှာ (၂-၀) ဂိုးနဲ့အနိုင်ယူခဲ့ပြီး ဒီပွဲရလဒ်ကြောင့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက ပိုပြီး အကြိတ်အနယ်ရှိသွားခဲ့ပါတယ်။
■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်
ပရီးမီးယားလိဂ်
ဝုလ်ဗ် ၄-၃ လက်စတာ
ဘုန်းမောက် ၂-၀ ဝက်စ်ဟမ်း
လီဗာပူးလ် ၄-၃ ခရစ္စတယ်ပဲလေ့စ်
မန်ယူ ၂-၁ ဘရိုက်တန်
နယူးကာဆယ် ၃-၀ ကာဒစ်ဖ်
ဆောက်သမ်တန် ၂-၁ အဲဗာတန်
ဝက်ဖို့ဒ် ၀-၀ ဘန်လေ
အာဆင်နယ် ၂-၀ ချယ်လ်ဆီး
လာလီဂါ
ရီးယဲလ်မက်ဒရစ် ၂-၀ ဆီဗီလာ
ဟူဆကာ ၀-၃ အက်သလက်တီကို
စီးရီးအေ
ရိုးမား ၃-၂ တိုရီနို
အူဒီးနီးစ် ၁-၂ ပါးမား
ဘွန်ဒစ်လီဂါ
လေဗာကူဆင် ၀-၁ မိုချန်ဂလာဘတ်
စတုဂတ် ၂-၃ မိန့်ဇ်
ဖရန့်ဖတ် ၃-၁ ဖရိုင်းဘတ်
အော့စ်ဘတ် ၁-၂ ဒစ်ဆယ်ဒေါ့ဖ်
ဟန်နိုဗာ ၀-၁ ဝါဒါဘရီမင်
လိုက်ပ်ဇစ် ၀-၁ ဒေါ့မွန်
လီဂူး
PSG ၉-၀ ဂူအင်ဂမ့်
လိဂ်ချန်ပီယံရှစ်
အက်စတွန်ဗီလာ ၂-၂ ဟားလ်စီးတီး
ဘလက်ဘန်း ၂-၀ အစ်ဝစ်ချ်
ဒါဘီ ၂-၁ ရက်ဒင်း
မစ်ဒယ်ဘရော့ ၁-၁ မီဝေါလ်
နော်တင်ဟမ် ၀-၁ ဘရစ္စတိုးလ်စီးတီး
QPR ၁-၄ ပရက်စတန်
ရော့သာဟမ် ၂-၄ ဘရန့်ဖို့ဒ်
ရှက်ဖီးဝင်းစ်ဒေး ၁-၀ ဝီဂန်
စတုတ်စီးတီး ၂-၁ လိဒ်စ်
ဆွမ်ဆီး ၁-၀ ရှက်ဖီးယူနိုက်တက်