ပရီးမီးယားလိဂ်ပွဲစဉ်(၂၂) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၂) ပွဲကြိုသုံးသပ်ချက်
Published 12 January 2019

ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း(၇)ပွဲရှိပါသည်။

ဝက်စ်ဟမ်း နှင့် အာဆင်နယ် (စနေည ရးဝ၀ နာရီ)

ဝက်စ်ဟမ်းက နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲမှာ ဘန်လေကို ရှုံးပြီး ဘရိုက်တန်ကိုလည်း အိမ်ကွင်းမှာ သရေပဲကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ အသင်းငယ်တွေနဲ့ ရလဒ်က ဘယ်လိုဖြစ်ဖြစ် ဝက်စ်ဟမ်းက အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့အသင်းမျိုးဖြစ်ပြီး အိမ်ကွင်းဖြစ်နေရင် ပိုစိုးရိမ်စရာကောင်းတယ်။ အာဆင်နယ်က လီဗာပူးလ်ကိုဂိုးပြတ်ရှုံး၊ ဖူလ်ဟမ်ကို ဂိုးပြတ်နိုင်ပေမယ့် ကစားပုံအားနည်းနေတာသိသာပါတယ်။ ဝက်စ်ဟမ်းကိုကြိုက်တယ်။

ဘရိုက်တန် နှင့် လီဗာပူးလ် (စနေည ၉း၃၀ နာရီ)

လီဗာပူးလ်အတွက် ဒီပွဲက အရမ်းအရေးကြီးတဲ့ပွဲတစ်ပွဲပါ။ မန်စီးတီးကို ရှုံးထားပြီး၊ ရမှတ်ကွာဟမှုက (၄)မှတ်ပဲ ကျန်တော့တဲ့အချိန်မှာ ဒီလိုပွဲမျိုးကို သရေကစားတာ၊ ရှုံးပွဲတွေ့တာမျိုးကြုံတွေ့ခဲ့ရင် စိတ်ပို်င်းဆိုင်ရာတည်ငြိမ်မှုပါ ပျက်စီးသွားနိုင်တယ်။ မန်စီးတီးကို ရှုံးခဲ့တာက ပြဿနာမဟုတ်ပေမယ့် ဒီပွဲကတော့ သေရေးရှင်ရေးအခြေအနေပါ။ ဘရိုက်တန်ကလည်း အားကောင်းနေလို့ လီဗာပူးလ် ကပ်နိုင်ရုံလောက်ပဲ ရလိမ့်မယ်။

ဘန်လေ နှင့် ဖူလ်ဟမ် (စနေည ၉း၃၀ နာရီ)

ရလဒ်တွေဆိုးနေတဲ့ ဘန်လေက ဝက်စ်ဟမ်းနဲ့ ဟတ်ဒါဖီးလ်တို့ကို (၂)ပွဲဆက်အနိုင်ကစားပြီး တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်လာနိုင်ခဲ့တာတွေ့ရတယ်။ ဖူလ်ဟမ်က ဘန်လေထက်စာရင် ပိုကောင်းတဲ့လူစာရင်းရှိပေမယ့် စုစည်းမှုမရှိ၊ အားနည်းချက်တွေအများကြီးနဲ့အသင်းပါ။ ဘန်လေက ဒီရာသီပထမဆုံး (၃)ပွဲဆက်နိုင်ပွဲကို ရယူသွားဖို့များပြီး (၂-၁)လောက်ဖြစ်နိုင်တယ်။

ကာဒစ်ဖ် နှင့် ဟတ်ဒါဖီးလ် (စနေည ၉း၃၀ နာရီ)

ဟတ်ဒါဖီးလ်ရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းက တော်တော်လေးဆိုးရွားနေတယ်။ တန်းဆင်းဇုန်ပြိုင်ဘက်အသင်းတွေဖြစ်နိုင်တဲ့ ဖူလ်ဟမ်၊ ဘန်လေ နှစ်သင်းစလုံးကို ဆက်တိုက်ရှုံးခဲ့တာက ဟတ်ဒါဖီးလ်ကို အခြေအနေဆိုးရွားစေခဲ့ပြီး အမှတ်ပေးဇယားအောက်ဆုံးကိုပါ ရောက်ရှိသွားစေခဲ့တယ်။ ကာဒစ်ဖ်ကလည်း ဒီလိုပွဲမျိုးကို အိမ်ကွင်းမှာ အမှားခံမှာမဟုတ်ဘူး။ ကာဒစ်ဖ် နိုင်ပါလိမ့်မယ်။

ခရစ္စတယ်ပဲလေ့စ် နှင့် ဝက်ဖို့ဒ် (စနေည ၉း၃၀ နာရီ)

ပဲလေ့စ်ရဲ့ နောက်ဆုံး (၅)ပွဲမှာ အနိုင်ရခဲ့တဲ့အသင်းတွေက လက်စတာ၊ မန်စီးတီး၊ ဝုလ်ဗ်တို့လိုအသင်းကောင်းတွေဖြစ်ပြီး အထင်ကြီးလောက်စရာမှတ်တမ်း၊ အသင်းကြီး တစ်သင်းရဲ့ရလဒ်မျိုးဖြစ်တယ်။ ဒါပေမဲ့ ပဲလေ့စ်ရဲ့ပြဿနာက တည်ငြိမ်မှုနဲ့ ယုံကြည်စိတ် ချရမှုဖြစ်ပြီး ခက်ခဲတဲ့နိုင်ပွဲတွေယူပြီးတိုင်း ရလဒ်ထိုးကျသွားလေ့ရှိတယ်။ ဝက်ဖို့ဒ်ကလည်း အသင်းကောင်းတစ်သင်းဖြစ်လို့ သရေကျနိုင်ပါတယ်။

လက်စတာ နှင့် ဆောက်သမ်တန် (စနေည ၉း၃၀ နာရီ)

ဆောက်သမ်တန်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးကို အဝေးကွင်းမှာသရေကစားနိုင်ခဲ့တယ်။ ဒီရလဒ်က ချီးကျူးစရာဆိုပေမယ့် ဆောက်သမ်တန်ရဲ့ပုံစံက တစ်ပွဲကောင်းပုံစံ ခြေမြူးသွားတာမျိုးဖြစ်နေတယ်။ စနစ်တကျယူတဲ့ရလဒ်ဆိုတာထက် ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းလို့ ရသွားတဲ့ရလဒ်မျိုးပါ။ လက်စတာက အိမ်ကွင်းနောက်ဆုံးပွဲမှာ ကာဒစ်ဖ်ကိုမထင်မှတ်ဘဲ ရှုံးခဲ့ပေမယ့် ဒီပွဲမှာ ထပ်အမှားခံမှာမဟုတ်ဘူး။

ချယ်လ်ဆီး နှင့် နယူးကာဆယ် (စနေည ၁၂းဝ၀ နာရီ)

နယူးကာဆယ်က ကစားသမားကောင်းတချို့ရှိပေမယ့် တိုက်စစ်ပိုင်းအရမ်းအားနည်းပြီး အဝေးကွင်းရလဒ်လည်း သိပ်မစွံဘူး။ ဖန်တီးနိုင်စွမ်းအားနည်းပြီး လေးလံတဲ့တိုက်စစ်က ချယ်လ်ဆီးခံစစ်ကို ပြဿနာဖြစ်စေမှာမဟုတ်ဘူး။ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေတဲ့အသင်းဖြစ်ပြီး အာဆင်နယ်၊ မန်ယူတို့ ပွဲကျပ်နေချိန်မှာ အိမ်ကွင်းနိုင်ပွဲကို မဖြစ်မနေယူထားလိမ့်မယ်။ (၂-၀)လောက်ဖြစ်နိုင်တယ်။