beIN SPORTS တွင် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် မော်ရင်ဟို တာဝန်ထမ်းဆောင်မည်

beIN SPORTS တွင် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် မော်ရင်ဟို တာဝန်ထမ်းဆောင်မည်
Photo: Getty Images
Photo: Getty Images
Published 11 January 2019

 

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ကာတာအားကစားရုပ်သံလိုင်း beIN SPORTS တွင် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် မော်ရင်ဟိုသည် အသင်းဟောင်း ဘင်ဖီကာအသင်းအား  ပြန်လည်ကိုင်တွယ်မည်ဆိုသောသတင်းများကို ငြင်းဆန်ခဲ့ပြီးနောက် beIN SPORTS တွင် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်ရန် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ယင်းရုပ်သံလိုင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။

အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံများတွင် ပရိသတ်များစွာပိုင်ဆိုင်ထားသည့် beIN SPORTS သည် ၂၀၁၉ အာရှဖလားနှင့် ပရီးမီးယားလိဂ်ပွဲစဉ်များကို ပြသနေပြီး မော်ရင်ဟိုက ယင်းရုပ်သံလိုင်းတွင် အခြားဘောလုံးဝေဖန်သုံးသပ်သူများနှင့်အတူ တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

မော်ရင်ဟိုသည် beIN SPORTS တွင် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဇန်နဝါရီ (၁၇)ရက်၌ ကစားမည့် ဆော်ဒီ-ကာတာပွဲတွင် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး နောက်နှစ်အရက်အကြာဖြစ်သည့် ဇန်နဝါရီ (၁၉) ရက်၌ ကစားမည့် အာဆင်နယ်-ချယ်လ်ဆီးပွဲစဉ်ကိုလည်း သုံးသပ်ဝေဖန်သွားမည်ဟု beIN SPORTS ကဖော်ပြခဲ့သည်။

မော်ရင်ဟိုသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ရုရှားရုပ်သံလိုင်းတစ်ခုဖြစ်သည့် RT ရုပ်သံတွင် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။