■ အနီထောင့်ဖြစ်ဖြစ် အပြာထောင့်ဖြစ်ဖြစ် အကောင်းဆုံးလုပ်ပြမည်ဟု ထွန်းထွန်းမင်း ပြောကြား     

■ အနီထောင့်ဖြစ်ဖြစ် အပြာထောင့်ဖြစ်ဖြစ် အကောင်းဆုံးလုပ်ပြမည်ဟု ထွန်းထွန်းမင်း ပြောကြား     
Published 9 November 2024

(၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ မြန်မာပြည်အလွတ်တန်းချန်ပီယံစိန်ခေါ်  ပွဲတွင် အနီထောင့်ဖြစ်ဖြစ် အပြာထောင့်ဖြစ်ဖြစ် အကောင်းဆုံးလုပ်ပြမည်ဟု ထွန်းထွန်းမင်းက ပြောကြားသည်။

        

ထွန်းထွန်းမင်းက "ကျွန်တော့်ပရိသတ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တယ်။ ကျွန်တော့်အတွက် ရန်မဖြစ်ကြပါနဲ့။ ထောင့်က အနီထောင့်ပဲဖြစ်ဖြစ် အပြာထောင့်ပဲဖြစ်ဖြစ် အဓိကပြိုင်ပွဲမှာ ကျွန်တော် အကောင်းဆုံးလုပ်ပြသွားမှာပါ။ အားပေးတဲ့ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်"ဟု သူ၏ Facebook လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။ 

(၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများကို နိုဝင်ဘာ(၇) ရက်မှစ၍ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပလျက်ရှိသည်။ 

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများကို နိုဝင်ဘာ (၉)ရက်အထိ (၃) ရက်တိုင်ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးရက်ဖြစ်သည့် နိုဝင်ဘာ (၉) ရက်တွင် အဓိကခေါင်ပွဲအဖြစ် သွေးသစ်ဝင်းလှိုင်နှင့် ထွန်းထွန်းမင်းတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ 

သွေးသစ်ဝင်းလှိုင်နှင့် ထွန်းထွန်းမင်းသည် ယခင်က နှစ်ကြိမ်တွေ့ဆုံထားခဲ့ဖူးပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၂၉)ရက်တွင်ကျင်းပသည့် TGL-3 ပြိုင်ပွဲ အမှတ်ပေးစနစ်၌ သွေးသစ်ဝင်းလှိုင်က အမှတ်ဖြင့် အနိုင်ရခဲ့သည်။ 

ဒုတိယအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် သြဂုတ် (၂၀) ရက်တွင် ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ အလဲထိုးစနစ်၌ ပူးတွဲသရေကျခဲ့ပြီး ယခုတတိယမြောက်တွေ့ဆုံမှုမှာ အလဲထိုးစနစ်ဖြစ်ကာ အရှုံးအနိုင် ပြတ်သားရန် နှစ်ဦးစလုံးအတွက် လွန်စွာအရေးပါမည်ဖြစ်သည်။ 

ထွန်းထွန်းမင်းသည် နောက်ဆုံးပွဲ မြန်မာပြည်အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲတွင် ကျော်စွာဝင်းကို အလဲထိုးဖြင့် အနိုင်ရထားသည်။

Most Read

Most Recent