လူးကပ်စ်ဟာနန်ဒက်ဇ်ကို လာမည့်ဇန်နဝါရီတွင် ယူရို (၈၅)သန်းဖြင့် ဘိုင်ယန်မြူးနစ်အသင်း ခေါ်ယူမည်

လူးကပ်စ်ဟာနန်ဒက်ဇ်ကို လာမည့်ဇန်နဝါရီတွင် ယူရို (၈၅)သန်းဖြင့် ဘိုင်ယန်မြူးနစ်အသင်း ခေါ်ယူမည်
Photo: Marca
Photo: Marca
Published 21 December 2018

ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အက်သလက်တီကိုမက်ဒရစ်အသင်းနောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ယူရို (၈၅)သန်းဖြင့် ခေါ်ယူမည်ဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

အက်သလက်တီကိုမက်ဒရစ်အသင်းသည် အသက် (၂၂)နှစ်အရွယ်ရှိ ပြင်သစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်အား ပြီးခဲ့သည့်နွေရာသီကမှ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပြီး လျော်ကြေးကို ယူရို (၈၅)သန်းအထိ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် လူးကပ်စ်ဟာနန်ဒက်ဇ်ကို လာမည့်ဇန်နဝါရီလ (၁)ရက်နေ့တွင် စာချုပ်ပါလျော်ကြေးဖြစ်သည့် ယူရို (၈၅)သန်းပေးချေကာ ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။

လူးကပ်စ်ဟာနန်ဒက်ဇ်အား ခေါ်ယူမည့်ကိစ္စနှင့် ပတ်သက်ပြီး Marca သတင်းစာက ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်ချုပ် ရူမင်နစ်ဂီကို မေးမြန်းခဲ့ကြောင်းလည်း သိရသည်။

Marca ၏ မေးမြန်းမှုကို ရူမင်နစ်ဂီက "ဇန်နဝါရီမှာ ကျွန်တော်တို့ ဘာလုပ်မလဲဆိုတာကို အားလုံးမြင်တွေ့ရမှာပါ။ အခုကတော့ ဒီကိစ္စကို ကျွန်တော်တို့ အတည်မပြုနိုင်သလို၊ ငြင်းလည်း မငြင်းပါဘူး။ အက်သလက်တီကိုမက်ဒရစ်အသင်းဥက္ကဋ္ဌနဲ့ ကျွန်တော်တို့အကြား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်"ဟု

ဖြေကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် လူးကပ်စ်ဟာနန်ဒက်ဇ်ကို ခေါ်ယူခဲ့ပါက (၄)နှစ်စာချုပ် ချုပ်ဆိုမည်ဟုလည်း Marca က ဖော်ပြခဲ့သည်။

သို့သော် အဆိုပါသတင်းများကို အက်သလက်တီကိုမက်ဒရစ်အသင်းဘက်က ငြင်းဆိုထားကြောင်း သိရသည်။ 

Most Read

Most Recent