■ မန်ယူအသင်းတွင် အာမိုရင်မ် အောင်မြင်မည်ဟု ဖာဒီနန် သုံးသပ် 

■ မန်ယူအသင်းတွင် အာမိုရင်မ် အောင်မြင်မည်ဟု ဖာဒီနန် သုံးသပ် 
Photo: Getty Images
Photo: Getty Images
Published 1 November 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က နည်းပြသစ် အာမိုရင်မ်အနေဖြင့် မန်ယူအသင်းတွင် အောင်မြင်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် အသင်းနည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ပြီးနောက် စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်မ်ကို ချက်ချင်းချဉ်းကပ်ခဲ့ပြီး နိုဝင်ဘာ (၁) ရက်တွင် နည်းပြအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။  

မန်ယူအသင်းသည် အာမိုရင်မ်အား၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်တွင် တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည်ဆိုသောအချက်ပါဝင်ကြောင်း သိရသည်။ 

မန်ယူအသင်းသည် အာမိုရင်မ်ကို စပို့တင်းလစ္စဘွန်းအသင်းကို လျော်ကြေး ပေါင် (၉.၂၅)သန်း(ယူရို ၁၁ သန်း) ပေးချေခဲ့ရကြောင်း BBC က ဖော်ပြခဲ့သည်။ 

မန်ယူအသင်းအနေဖြင့် အာမိုရင်မ်အတွက် ဗီဇာနှင့်စာရွက်စာတမ်းကိစ္စဆောင်ရွက်ရန် ကျန်ရှိနေသေးပြီး အာမိုရင်မ်သည် မန်ယူအသင်းကို နိုဝင်ဘာ (၁၁) ရက် (တနင်္လာနေ့)တွင်မှ လာရောက်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။ 

ယခုအခါ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က အာမိုရင်မ်က မန်ယူအသင်း လိုအပ်နေသည့်နည်းပြဖြစ်ပြီး အသင်းကို အောင်မြင်မှုများ ရယူပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဖာဒီနန်က "မန်စီးတီးအသင်းက သူတို့နည်းပြ ဂွါဒီယိုလာ အသင်းက ထွက်သွားရင် အာမိုရင်မ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ စောင့်ကြည့်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အာမိုရင်မ်က တန်ဟက်ဂ်နဲ့ ဆင်ပါတယ်။ ဒါပေမဲ့ သူက ပြဿနာတွေရှိနေတဲ့ အသင်းကို ကိုင်တွယ်ရမှာပါ။ အာမိုရင်မ် မကိုင်တွယ်ခင်က စပို့တင်းလစ္စဘွန်းအသင်းဟာ ပေါ်တူဂီလိဂ်မှာ ပေါ်တိုနဲ့ ဘင်ဖီကာကို မယှဉ်နိုင်ခဲ့ပါဘူး။ အသင်းတွင်းမှာ ပြိုကွဲမှုတွေ ရှိနေပြီး ပရိသတ်တွေလည်း တကွဲတပြားဖြစ်နေတယ်။ ဒါပေမဲ့ အာမိုရင်မ်က စပို့တင်းလစ္စဘွန်းအသင်းကို ကစားဟန်တစ်ခု တည်ဆောက်ပေးခဲ့သလို၊ မျှော်လင့်ချက်တွေ ရှိလာအောင်လည်း လုပ်ပေးနိုင်ခဲ့ပါတယ်။ အာမိုရင်မ်က တန်ဟက်ဂ်နဲ့ ဆင်ပေမဲ့ အကျင့်စရိုက်နဲ့ လူအများလေးစားမှုခံရမှုက ကွာခြားပါတယ်။ မန်ယူအသင်းက သူ့လိုလူမျိုး လိုနေတာပါ။ မန်ယူအသင်းမှာ သူ အောင်မြင်မယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent